Home
မြန်မာသတင်း
မိုင်းတုံတွင် သွေးလွန်တုပ်ကွေး မပြန့်ပွားအောင် ဆေးဖြန်း
DVB
·
June 20, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့တဲ့ ကလေး ၂ ဦး နေထိုင်ရာအိမ်နဲ့ပတ်ဝန်းကျင်ကို ဆေးရုံမှ ဒီမနက် ဆေးဖြန်းဆောင်ရွက်ခဲ့ပါတယ်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ခိုင်မင်းက "ဆေးရုံလာရောက်ပြသတဲ့ ကလေးနှစ်ဦးကို ရောဂါလက္ခဏာအရ သွေးစစ်ကြည့်တဲ့အခါ သွေးလွန်တုပ်ကွေး ရောဂါပိုး စတင်တွေ့ရှိခဲ့တာကြောင့် သူတို့နေအိမ်နှင့် ပတ်ဝန်းကျင်ကို ပြန့်ပွားလာမှု မရှိအောင် ဆေးဖြန်းဆောင်ရွက်နေတာပါ" လို့ ပြောပါတယ်။ ဒီကလေး ၂ ဦးစလုံးဟာ မြို့ပေါ်ရပ်ကွက်နှစ်ခုကဖြစ်ပြီး ကျေးရွာတွေမှာ  ရောဂါပိုးတွေ့ရှိမှု ရှိမရှိ မသိရသေးဘဲ  ကျေးလက်ကျန်းမာရေးဌာနတွေကလည်း တင်ပြလာမှု မရှိသေးဘူးလို့ ဆိုပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေတဲ့ ခြင်တွေဟာ ရေကြည်ရေသန့်တွေမှာ ဥချလေ့ရှိပါတယ်။ မြို့နယ်ကျန်းမာရေး ဦးစီးဌာနက လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ပိုးလောက်လန်း အန္တရာယ်နှိမ်နင်းနိုင်ဖို့ ရေအိုးရေခွက် ရေကန်တွေကို ဖုံး၊ သွန် လဲစနစ်နဲ့ ဆောင်ရွက်ကြဖို့ အသိပညာပေးဆောင်ရွက်ထားပါတယ်။ မိုင်းတုံမြို့နယ်ကျန်းမာရေးဦးစီးဌာန ငှက်ဖျားတိုက်ဖျက်ရေးမှ ကိုရာဇာကျော်ဝင်းက "မိုင်းတုံမြို့နယ်အတွင်း အရင်လက ဆေးစိမ်ခြင်ထောင်တွေ လူနှစ်ဦးကို တစ်လုံးနှုန်း ဖြန့်ဝေပေးထားပါတယ်။ စနစ်တကျခြင်ထောင်နဲ့အိပ်ရင် ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ရွေးရောဂါ ဖြစ်ပွားစေတဲ့ ခြင်အန္တရာယ်ကနေ ကင်းဝေးစေမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်ဇေယျ(မိုင်းတုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024