တပတ်ကျော် ပြေလည်မှု မရသေးတဲ့ ရန်ကုန်လှိုင်သာယာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုဟာ ဥပဒေကြောင်းအရ ကြိုးစားမယ့် ပုံစံပြောင်းလဲသွားပြီး နောက်ထပ် မရေမရာ အခြေအနေမှာ ရှိနေပါတယ်။
လုပ်အားခ တိုးမြှင့်ပေးရေးမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဆွေးနွေးညှိနှိုင်းလို့ မရတော့တာကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းဖို့ ကြိုးစားတာလို့ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်မိုးဝေက ပြောပါတယ်။
“ဒီလိုမျိုး အရမ်းတာရှည်နေတာ ဘယ်သူ့အတွက်မှ မကောင်းဘူးလေ။ ဒါပေမယ့် တိုင်ပင်ညှိနှိုင်းရေး အဖွဲ့တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း တကယ်တိကျတဲ့ ဆွေးနွေးပွဲဖြစ်အောင် ဖိအားပေးဖို့ လိုမယ်လို့ ကျမထင်တယ်။ သူတို့ပေးထားတဲ့ နှုန်းထားထက် တိုးမြှင့်မပေးနိုင်ဘူးဆိုတော့ အလုပ်သမားထု ကလည်း မကျေနပ်ဘူးပေါ့နော်။ အခု နောက်ဆုံး အခြေအနေကတော့ ဝါဏိဇ္စပဋိပက္ခမှုကော်မတီခုံရုံးကို တက်ဖို့ စီစဉ်နေပါတယ်။ ဘယ်လောက်ကြာမယ် ဆိုတာက ကန့်သတ်လို့ မရဘူးလေ။”
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အလုပ်သမားသပိတ်ကို အလုပ်သမားရေးရာ ဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်၊ ရန်ကုန်တိုင်း အလုပ်သမား ညွန်ကြားမှူးဦးစီးဌာနက ဒု- ညွှန်ကြားရေးမှူး ဦးမျိုးအောင်တို့က ဝင်ရောက် ညှိနှိုင်းဖို့ ကြိုးစားပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။
အလုပ်သမားတွေဘက်က တနာရီလုပ်အားခကို ၁၅၀ အထိ တောင်းဆိုတာကို အလုပ်ရှင်ဘက်က နဂို ၇၅ ကျပ် ပေးတာကို ၁၀၀ အထိပဲ တိုးမယ်လို့ ပြောပြီး၊ အလုပ်သမားတွေ တောင်းဆိုတဲ့ တလလုံး ရက်မှန်ကြေး ၈၀၀၀ ကျပ်ကိုလည်း အလုပ်ရှင်ဘက်က နဂိုအတိုင်း ၆၀၀၀ ကျပ်ပဲ ပေးမယ်လို့ တင်းခံနေတာကြောင့် ပြေလည်မှု မရတာပါ။
အလုပ်သမားတွေဘက်က ဥပဒေအကြံပေးဖြစ်တဲ့ ရှေ့နေကို ဖိုးဖြူကတော့ ဥပဒေကြောင်းအရ လုပ်ဆောင်တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ချတဲ့အထိ ရက်သတ္တပတ် ၁ ပတ် ၂ပတ်ထက် ပိုမကြာသင့်ပေမယ့် အာဏာပိုင်တွေရဲ့ သဘောထားအပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။
လက်ရှိ အလုပ်သမား ဥပဒေတွေက အလုပ်သမားတွေအပေါ် အကာအကွယ် မပေးနိုင်မှာကိုလည်း စိုးရိမ်တယ်လို့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
“၁၉၇၉ ခုနှစ် ဝါဏိဇ္စပဋိပက္ခမှု အက်ဥပဒေ အတိုင်း ပြဋ္ဌာန်းချက်ပါ အခွင့်အရေးတွေကိုတောင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဌာနက အကောင်အထည် ဖော်ခြင်း မရှိတာကို တွေ့ရတယ်။ ရှေ့နေရှေ့ရပ်တွေနဲ့ ခုခံချေပမှုကို ရန်သူသဖွယ် ဆက်ဆံတာကို အလုပ်သမားတွေက ခံစားနေကြရတယ်။ အခု နောက်တခါ အလုပ်ရှင် အလုပ်သမားတွေ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေဟာ ဝန်ကြီးဌာနတွေ အလိုကျ ဝန်ကြီးဌာနစိတ်ကြိုက် ဖြေရှင်းခွင့်အရ ပြဋ္ဌာန်းတဲ့ ဥပဒေဖြစ်လာမှာကို ကျနော်တို့ အလွန်ပဲ စိုးရိမ်ပါတယ်။”
ရှေ့တပတ်ထဲမှာ လှိုင်သာယာမြို့နယ် အလုပ်သမားအမှုတွေကို ကြားနာစစ်ဆေးတဲ့ ဝါဏိဇ္စပဋိပက္ခမှုကော်မတီခုံရုံးကို တင်သွင်းမယ်လို့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
အလုပ်သမားအင်အား ၂၀၀၀ နီးပါးရှိတဲ့ တိုင်ရီ ဖိနပ်စက်ရုံကို တရုတ် လူမျိုးတယောက်နဲ့ မြန်မာလူမျိုးတယောက်တို့ ဖက်စပ်ပိုင်တာဖြစ်ပါတယ်။
အလုပ်ရှင်ဘက်က ဆန္ဒပြသမားတွေကို ပြီးခဲ့တဲ့ (စနေနေ့) နောက်ဆုံးထားပြီး အလုပ်ပြန်မဆင်းရင် မိမိဆန္ဒအလျှောက် အလုပ်ထွက်ပြီးသား ဖြစ်မယ်၊ ရန်ကုန်တိုင်း အလုပ်သမားရုံးမှာ လုပ်ခလစာတွေကို ကိုယ်တိုင် သွားယူဖို့ သတိပေးခဲ့ပေမယ့် အလုပ်သမားတွေက လခလည်းမထုတ်ဘဲ ဒီနေ့အထိ ဆက်လက် ဆန္ဒပြနေတာ ဖြစ်ပါတယ်။