DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ
DVB
·
February 17, 2012
ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ
Donate to DVB

ဧပြီ ၁ ရက်နေ့ကစမယ့် ဘဏ္ဍာရေးနှစ်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုကို ပြန်ရုပ်သိမ်းပေးဖို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တောင်းဆိုလိုက်ပြီး မလိုက်လျောရင် မဲခွဲဖို့ အလားအလာ ရှိနေပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်တာပါ။ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက လာမယ့် ဘတ်ဂျက်နှစ်မှာ  တိုးပေးရင် အသုံးစရိတ်တက်ပြီး တိုင်းပြည်ဘဏ္ဍာ လိုငွေ ပြသွားနိုင်မယ်လို့ ပြောသွားတာပါ။

လက်တလော အစိုးရဆီမှာ နိုင်ငံတကာ အကြွေးက ဒေါ်လာ ၁၁ ဘီလီယံရှိပြီး အရန်ငွေကတော့ ၇ ဘီလီယံ ရှိတယ်လို့ ၀န်ကြီးက ပြောပါတယ်။  အနိမ့်ဆုံးလစာ ၂ သိန်း ၁ သောင်းကျပ်ရှိရင်  အစိုးရအနေနဲ့ ကျပ်ငွေ ၅၆၀၀.၃၅၄ ဘီလီယံ သုံးစွဲရမယ်လို့လည်း ၀န်ကြီး ဦးလှထွန်းက ပြောပါတယ်။

ဝန်ထမ်းတွေကို လက်ရှိရဲ့ နှစ်ဆ တိုးပေးလိုက်ရင် လိုငွေ ၁၂ ရာခိုင်နှုန်း တက်သွားနိုင်တယ်လို့ ၀န်ကြီးက သမ္မတ ကိုယ်စား ပြောသွားခဲ့တယ်လို့ လွှတ်တော် အစည်းအဝေးတက်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“၀န်ကြီးက အဲ့ဒီဘက်ကို ဇောင်းပေးပြီးကာမှ လစာတိုးပေးမယ်ဆိုရင် ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဈေးကွက်ကတဆင့် ငွေတိုက်စာချုပ်တွေ ရောင်းချရမယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ လိုမယ်။ ၁၁ ဘီလီယံလောက် အကြွေးရှိတယ်။ ကိုယ်ပိုင်ငွေက ၇ ဘီလီယံ ကျော်ကျော်လောက်ပဲ ရှိမယ်။ နိုင်ငံတကာ အကူအညီတွေလည်း ထည့်တွက်ပါတယ်။ နောက် ငွေတိုက်စာချုပ်တို့ ရောင်းရင် နိုင်ငံတကာက ၀ယ်နိုင်မယ့် ရင်းနှီးမြှုပ်နှံနိုင်မယ့် မြန်မာနိုင်ငံရဲ့ ဥပဒေ၊ နည်းဥပဒေတွေကလည်း ထွက်ဖို့လိုတယ် ဆိုပြီး သေချာတော့ တွက်ပြပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီးလည်း တွက်ပြပါတယ်။ ဒါကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ သမ္မတကြီး ကိုယ်စား တင်ပြပါတယ်လို့ သုံးနှုန်းပြောဆိုသွားပါတယ်။”

တကယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သူတင်သွင်းခဲ့တဲ့ အဆိုကို မရုပ်သိမ်းပေးရင် ပြည်ထောင်စုလွှတ်တော်အတွင်းမှာ မဲခွဲ ဆုံးဖြတ်ရမယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

သူရ  ဦးရွှေမန်း တင်သွင်းတဲ့ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်မှာ လစာ မတိုးနိုင်ခဲ့ရင် ပြည်သူလူထုအတွင်းမှာ စစ်တမ်းကောက်သင့်တယ်လို့လည်း ဆိုပါတယ်။

“သမ္မတကြီးအပေါ်မှာ လူထုထောက်ခံမှု နှုန်းက အင်မတန် မြင့်မားပါတယ်။ ပထမဆုံး ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံအခြေပြု မိန့်ခွန်း ပြောတာရယ်၊ အစိုးရအဖွဲ့ပေါ်မှာ ပြောတဲ့ မိန့်ခွန်းတွေ အကုန်လုံးဟာ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေမှာ ပေးထားတဲ့ အခွင့်အရေး ရနိုင်အောင် ကာလတခုမှာ ကြိုးစားပြီး ဆောင်ရွက်မယ်။ နောက် အငြိမ်းစား လစာတွေကိုလည်း ပေးထားပြီးပြီ။ နိုင်ငံသူ နိုင်ငံသား ၀န်ထမ်းတွေရဲ့ သမ္မတကြီးအပေါ်မှာ ထောက်ခံမှု။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး တင်ပြတဲ့ ၂၀၁၂က ဧပြီကစပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေကို ဒီလို တိုးပေးသင့်တယ်။ လက်ရှိခံစားနေရတဲ့ နှုန်းထားတွေဟာ ၁၉၅၀ ကျော်ကလောက် တောင် မရှိဘူးပေါ့နော်။

“ဒီလို ဦးရွှေမန်းက တင်ပြတာကို သမ္မတကြီးက ၂၀၁၂၊ ၂၀၁၃ မှာ မလုပ်ပေးနိုင်ဘူးဆိုရင် သမ္မတကြီးဟာ လူထုစစ်တမ်း ပြန်ကောက်သင့်တယ်။ ဒါ နိုင်ငံရေးအားဖြင့် ပါလာပြီလေ။ ပြည်သူတွေရဲ့ ယုံကြည်မှု၊ ၀န်ထမ်းတွေရဲ့ ယုံကြည်မှုဟာ အစိုးရအဖွဲ့အပေါ်မှာ သက်ရောက်မှု ရှိမယ်။ အစိုးရအဖွဲ့ရဲ့ မောင်းနှင်အားဟာ ဗျူရိုကရက်ကိုး။ ၀န်ထမ်းမပါလို့ မရဘူး။ အုပ်ချုပ်စီမံခန့်ခွဲတဲ့ အဖွဲ့အစည်း မပါလို့ မရဘူး။ ကျနော်တို့ ပြန်သုံးသပ် သင့်တာက ၂၀၁၂၊ ၂၀၁၃မှာ ဦးရွှေမန်း ပြောသလို ၀န်ထမ်းတွေရဲ့ လစာနှုန်းထားကို တိုးသင့်တယ်။ မတိုးခင်လေးမှာ ၀န်ထမ်း အဖွဲ့အစည်းတခုလုံး၊ အစိုးရအဖွဲ့အစည်း တခုလုံးကို ပြန်လည် သုံးသပ်ရလိမ့်မယ်။”

ဝန်ကြီး ဦလှထွန်းက  နယ်ဝေး ၈၅ မြို့နယ်က အစိုးရ၀န်ထမ်း ၃၇၈၁၇ ဦးကို  လာမယ့် ဘဏ္ဍာရေးနှစ်မှာ ရှားပါးစရိတ် တိုးပေးမယ့် အကြောင်းကို ဒီနေ့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။  ဘယ်ဌာနက ၀န်ထမ်းတွေဆိုတာ ရည်ညွှန်းပြီး ပြောဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ရက်က  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ   သူရဦးရွှေမန်းက လာမယ့် ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်မှာ အစိုးရ၀န်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ချီးမြှင့်ငွေ အပါအ၀င် အချက် ၆ ချက်ကို တင်သွင်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013