ဒေါ်အောင်ဆန်းစုကြည် ၇၂နှစ် ပြည့်မွေးနေ့ မင်းကင်းသစ်တောက သစ်ပင်စိုက်ဂုဏ်ပြု
DVB
·
June 19, 2017
ဇွန် ၁၉ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့် မွေးနေ့ကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းနယ် သစ်တောဌာနက သစ်ပင်စိုက် ဂုဏ်ပြုခဲ့ကြပါတယ်။
"နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်စုကြည်ရဲ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တို့ကမ္ဘာမြေ သာယာလှပစေဖို့ သစ်ပင်စိုက်ကြစို့ ဆောင်ပုဒ်အတိုင်း သစ်ပင်စိုက်ကြတယ်။ သစ်ပင်စိုက်တဲ့ နေရာမှာလည်း သစ်တောမူဝါဒ ၆ ချက်ထဲက ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်လာစေခြင်း ဆိုတဲ့ မူဝါဒအတိုင်း ဒေသက ကျောင်းသားလူငယ်တွေ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်း ဂုဏ်ပြုခဲ့ပါတယ်" လို့ မင်းကင်းနယ် သစ်တောဦးစီးအရာရှိ ဦးချစ်သန်းထွန်းက ပြောပါတယ်။
မင်းကင်းသစ်တောဌာနဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်ပြည့် မွေးနေ့မှာ မင်းကင်းနယ် ကျေးရွာ ၈ ရွာက ပြည်သူပေါင်း ၉၀၀ လောက်နဲ့ ပူးပေါင်းပြီး မင်းကင်းနယ် သစ်တောကြိုးဝိုင်၂ နေရာမှာ အပင်ပေါင်း ၂၀၀၀ ကျော် စိုက်ပျိုးပြီး မွေးနေ့ကို အမှတ်တရ ဂုဏ်ပြုကျင်းပခဲ့ပါတယ်။
"ကျမတို့ သဘာဝရာသီဥတုဟာ ပျက်စီးနေတာကြာပြီ။ ဒါကြောင့် သစ်ပင်စိုက်ဖို့ လိုအပ်တယ်။ သစ်ပင်ရှိမှ ရာသီဥတု အေးချမ်းမယ်။ ရာသီဥတုအေးချမ်းမှ တိုင်းပြည်သာယာမယ်။ အဲ့ဒီအတွက် ကျမ ဒီ အမေစု မွေးနေ့လည်း ဂုဏ်ပြုရင်း သစ်ပင်စိုက်ရာမှာ ပါဝင်ခဲ့တာ ဖြစ်တယ်လို့ မင်းကင်းနယ် တောက်ယာတောရွာက မနီလာဝင်းက ဆိုပါတယ်။
သစ်တောမူဝါဒနဲ့အညီ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့်မွေးနေ့မှာ ကျေးရွာ ၇ ရွာက ဒေသခံတွေအပြင် မင်းကင်းမြို့ပေါ် စာသင်ဝိုင်း ၇ ခုက အထက်တန်းကျောင်းသားကျောင်းသူတွေပါ ပါဝင်စိုက်ပျိုး ဂုဏ်ပြုခဲ့ကြပါတယ်။
သတင်း - မင်းရဲစစ်နိုင်