Home
ဆောင်းပါး
စင်ကာပူရဲ့ဖခင်ကြီး လီကွမ်ယူ မိသားစုရဲ့ အရှုပ်တော်ပုံ
DVB
·
June 19, 2017
စင်ကာပူရဲ့ ပထမဆုံးဝန်ကြီးချုပ်နဲ့ နိုင်ငံ့ဖခင်ကြီးလို့ ခေါ်ခဲ့ကြတဲ့ ကွယ်လွန်သူ လီကွမ်ယူရဲ့ မိသားစုအရှုပ်တော်ပုံကတော့ သားဖြစ်သူ ဝန်ကြီးချုပ် လီရှောင်လုံးက ဥပဒေအရ ကြေညာဖွင့်ထုတ်ခဲ့လို့ နိုင်ငံတကာက သိရှိခွင့်ရခဲ့ပါပြီ။ မစ္စတာလီကွမ်ယူက သူ့ရဲ့ နောက်ဆုံးသေတမ်းစာမှာ သူ့အိမ်ကို ဖြိုဖျက်ပစ်ဖို့ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီသေတမ်းစာပါ အချက်အလက်ကို လက်ရှိဝန်ကြီးချုပ်ဖြစ်တဲ့ သူ့သားဖြစ်သူက ဝန်ကြီးအဖွဲ့ကော်မတီမှာ ဥပဒေကြောင်းအရ ဇွန်လ ၁၅ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီလိုဥပဒေကြောင်းအရ ကြေညာခဲ့တဲ့အကြောင်း အကျဉ်းကိုတော့ သူ့ရှေ့နေတွေကတဆင့် ပြည်ထဲရေးဝန်ကြီးကော်မတီကို တင်သွင်းရာမှာ မစ္စတာလီကွမ်ယူရဲ့ ၃၈ အော့ဆ်ခ်လေလမ်းက အိမ်အတွက် ဝန်ကြီးအဖွဲ့ကို ရွေးချယ်စရာတွေ စဉ်းစားပေးဖို့ တင်ပြထားခဲ့ပါတယ်။ ဥပဒေအရ ကြေညာချက်ကို ရှင်းလင်းဖော်ပြမှုမှာတော့ ဝန်ကြီးချုပ် လီရှောင်လုံးက သူ့အတွက် “အရေးကြီးတဲ့မေးခွန်း” တွေဖြစ်တဲ့ သူ့အဖေရဲ့ နောက်ဆုံးသေတမ်းစာကို ဘယ်လိုပြင်ဆင် စီစဉ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ရကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သူ့ညီအစ်ကို မောင်နှမတွေကို လူသိရှင်ကြား တုံ့ပြန်ဖို့လည်း ရှောင်လွှဲမရ ဖြစ်ခဲ့ရတယ်လို့လည်း ဆက်ပြီး ရှင်းပြခဲ့ပါတယ်။ ဝန်ကြီးချုပ်လီရှောင်လုံးက “မစ္စတာလီကွမ်ယူဟာ သူ့ရဲ့ နောက်ဆုံးသေတမ်းစာကို လက်မှတ်မရေးထိုးခင်မှာ အထဲမှာ ထည့်သွင်းရေးသားရမယ့် အချက်တွေအတွက် မှန်မှန်ကန်ကန်နဲ့ လွတ်လပ်မှုရှိရှိ အကြံပေးခံခဲ့ရသလားဆိုတာနဲ့ ပတ်သက်ပြီး အလေးအနက် သံသယရှိစရာတွေ ရှိခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။ သူက “လီဝေလင်းနဲ့ လီဆန်ယန်းတို့က မစ္စတာလီကွမ်ယူဟာ အိမ်ကို ဖြိုဖျက်ပစ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာတွေကို စဉ်းစားဖို့ ပြင်ဆင်စီစဉ်မှု မရှိခဲ့တဲ့အတွက် သူတို့အနေနဲ့ သူ့ရဲ့ နောက်ဆုံးသေတမ်းစာမှာ ဖြိုဖျက်ပစ်ဖို့ စာပိုဒ် ထည့်သွင်းထားတဲ့အပေါ်မှာပဲ အများကြီး အမှီပြုခဲ့ရတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ပြဿနာရှိတဲ့ အခြေအနေအရ မစ္စတာလီကွမ်ယူ အိမ်နဲ့ပတ်သက်ပြီး သူ ဘာတွေ စဉ်းစားခဲ့၊ ဘာတွေ ဆန္ဒရှိခဲ့တယ် ဆိုတာတွေကို သက်သေပြနိုင်ဖို့အတွက် သူ့ရဲ့ နောက်ဆုံးသေတမ်းစာထက်ကျော်ပြီး ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် လီရှောင်လုံးကတော့ မစ္စတာလီကွမ်ယူဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့စွဲတပ် သူ့ရဲ့ နောက်ဆုံးသေတမ်းစာမတိုင်ခင် သေတမ်းစာ ၆ ခု ရေးခဲ့တယ်လို့ ပြောပါတယ်။ နောက်ဆုံးသေတမ်းစာကလွဲလို့ သူ့ရဲ့သေတမ်းစာတွေ အားလုံးဟာ သူ့ရဲ့ ဝမ်းကွဲနှမ မိစ်ခွာခင်မ်လီက ပြင်ဆင်စီစဉ်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူက “ကျနော်က နောက်ဆုံးသေတမ်းစာကို မိသားစုကို ဖတ်ပြခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ကမှ နောက်ဆုံးသေတမ်းစာမှာပါတဲ့ အချက်တွေကို သိခဲ့ရတာပါ” လို့ သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်းပြောဆိုထားခဲ့ပြီး “အဲဒီတော့မှပဲ ကျနော်က အဲဒီ ရှိခဲ့တဲ့ သေတမ်းစာတွေနဲ့ နောက်ဆုံးသေတမ်းစာက အသုံးအနှုန်းတွေ၊ အပြောင်းအလဲတွေကို နှိုင်းယှဉ်ကြည့်နိုင်ခဲ့တာပါ” လို့လည်း ပြောကြားခဲ့ပါတယ်။ ပြဿနာက မစ္စတာလီကွမ်ယူ သူ့ရဲ့ အော့ဆ်ခ်လေလမ်းက အိမ်ကို ဖြိုဖျက်ပစ်ဖို့ဆိုတဲ့ စာပိုဒ်ကို ဘယ်အချိန်က ထည့်သွင်းလိုက်သလဲ ဆိုတာပါပဲ။ ဝန်ကြီးချုပ်လီရှောင်လုံးရဲ့ ဥပဒေကြောင်းအရ ကြေညာချက်မှာ အိမ်ဖြိုဖျက်ဖို့ စာပိုဒ်ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပထမ သေတမ်းစာမှာ ပထမဆုံး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့အဖေက သူ့ရဲ့ ပဉ္စမနဲ့ ဆဋ္ဌမအကြိမ်မြောက် သေတမ်းစာတွေမှာ အဲဒီဖြိုဖျက်ဖို့ စာပိုဒ်ကို ဖယ်ရှားဖို့ ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။ သူက “ဒါပေမယ့် တနည်းနည်းနဲ့ နောက်ဆုံးသေတမ်းစာထဲကို ပြန်ရောက်လာတာကို တွေ့ခဲ့ရပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က ပထမ သေတမ်းစာအရ မစ္စတာလီကွမ်ယူက သူ ပိုင်ဆိုင်ထားတဲ့ မြေယာတွေကို အညီအမျှ ပေးထားခဲ့ပြီး ဖြစ်ပေမယ့် သူ့ရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆဋ္ဌမမြောက် သေတမ်းစာမှာတော့ အပြောင်းအလဲတွေ လုပ်ပြီး ဒေါက်တာလီကို ဝေစုပိုပေးထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ သူ့ရဲ့ နောက်ဆုံးသေတမ်းစာ မရေးခင် တရက်အလိုမှာ မစ္စတာလီဆန်ယန်းက သူ့အဖေဆီကို အရင်က သေတမ်းစာတွေ လုပ်ခဲ့တုန်းက စီစဉ်ပေးခဲ့တဲ့ မိစ်ခွာကို သူ ချိတ်ဆက်လို့ မရတဲ့အကြာင်း၊ သူပြန်လာတဲ့အထိ စောင့်မယ်ဆိုရင် ဉာဏ်နည်းရာကျမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့တယ်လို့ ဝန်ကြီးချုပ် လီရှောင်လုံးက ပြောခဲ့ပြီး မစ္စတာလီဆန်ယန်းက သူ့ဇနီး မစ္စစ်လီဆွေ့ဖန်နဲ့ သူ့ဥပဒေရေးရာကုမ္ပဏီက ရှေ့နေတွေက လက်မှတ်ထိုးရမယ့် သေတမ်းစာက အပြောင်းအလဲတွေအတွက် စီစဉ်ပေးနိုင်တဲ့အကြောင်း သူ့အဖေကို အကြောင်းကြားခဲ့တယ်လို့လည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်မှာတော့ မစ္စစ်လီဆွေ့ဖန်က သူ့ရှေ့နေ ၂ ယောက်ကို အော့ဆ်ခ်လေလမ်းက အိမ်ကို စေလွှတ်ပြီး နောက်ဆုံးသေတမ်းစာမှာ မစ္စတာလီကွမ်ယူကို လက်မှတ်ရေးထိုးစေခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဥပဒေအရ ကြေညာချက်မှာ ရှေ့နေတွေဟာ မနက် ၁၁ နာရီ ၅ မိနစ်မှာ ရောက်ရှိလာခဲ့ပြီး ၁၁ နာရီ မိနစ် ၂၀ မှာ ပြန်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ကတော့  “သူတို့ဟာ အော့ဆ်ခ်လေလမ်း၊ အမှတ် ၃၈ မှာ ၁၅ မိနစ်ပဲ နေခဲ့ပြီး နောက်ဆုံးသေတမ်းစာကို တရားဝင်စီမံဆောင်ရွက်နိုင်တဲ့အချိန်တောင် လုံလောက်အောင် မပေးခဲ့ဘဲ မစ္စတာလီကွမ်ယူကို အကြံပေးဖို့ မဟုတ်ဘဲ နောက်ဆုံး သေတမ်းစာကို မစ္စတာလီကွမ်ယူ လက်မှတ်ရေးထိုးတာကို သက်သေလုပ်ပေးဖို့သာ လာခဲ့ကြတာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ စိုးရိမ်ကြောင့်ကြမှုရှိတဲ့ မေးစရာတွေနဲ့ တခြား မေးစရာတွေအတွက် မှန်ကန်ပြည့်စုံတဲ့ အဖြေမရဘဲနဲ့တော့ မစ္စတာလီကွမ်ယူဟာ သူ့ရဲ့ နောက်ဆုံးသေတမ်းစာကို လက်မှတ်မထိုးခင်မှာ အထဲမှာပါဝင်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် အကြံဉာဏ်ပေးတာကို ခံခဲ့ရသလား ဆိုတာကို အများကြီး သံသယရှိစရာရှိတယ်လို့ ဝန်ကြီးချုပ် လီရှောင်လုံးက ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အသေအချာကြည့်ရင် မိသားစုတစုထဲမှာ အထူးသဖြင့် မစ္စတာလီကွမ်ယူလို တိကျပြတ်သားတဲ့ ဝန်ကြီးချုပ်ဟောင်းတယောက်ရဲ့ ပုဂ္ဂိုလ်ရေးရာ သေတမ်းစာတောင်မှ ကိုယ်ကျိုးစီးပွား အဓိကရှာဖွေချင်သူ ညီအစ်ကိုမောင်နှမတွေရဲ့ အလိုလောဘ၊ မာန်မာန၊ မနာလိုဝန်တိုမှုတွေရဲ့ အနှောင့်အယှက်ပြုတာကို ခံခဲ့ရတယ်လို့ ပြောရမယ့် အခြေအနေတွေကို တွေ့ကြုံလာရပြီလို့ ဆိုရမှာပါ။ ၂ဝ၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ညီအစ်ကိုမောင်နှမ ၃ ယောက်၊ မစ္စစ်လီဆွေ့ဖန်နဲ့ မိစ်ဟိုတို့ရှေ့မှာ မစ္စတာ လီကွမ်ယူရဲ့ နောက်ဆုံးသေတမ်းစာကို ဖတ်ပြပြီးတဲ့နောက်မှာ မစ္စတာလီဆန်ယန်းက အိမ်ကို အမြန်ဆုံး ဖြိုဖျက်ပစ်ဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့တယ်လို့ ဝန်ကြီးချုပ် လီရှောင်လုံးက ပြောခဲ့ပါတယ်။ သူက “မစ္စတာ လီကွမ်ယူ သေဆုံးလို့ ဘာမှ မကြာသေးခင် ပြည်သူတွေရဲ့ ခံစားမှုကလည်း လတ်လတ်ဆတ်ဆတ် ရှိနေသေးတဲ့အချိန်မှာ ဒီကိစ္စကို၊ ဒီအိမ်နဲ့ ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်ဆောင်ရွက်ဖို့ နိုင်ငံတော်ပြန်တမ်း ထုတ်ပြန်ပေးဖို့ အစိုးရကို တွန်းအားပေးလာတာတွေဟာ မစ္စတာလီကွမ်ယူ ဒါမှမဟုတ် စင်ကာပူနိုင်ငံရဲ့ အကျိုးစီးပွားတော့ မဟုတ်နိုင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ တဘက်က မစ္စတာလီဆန်ယန်းနဲ့ ဒေါက်တာလီဆွေ့ဖန်တို့ကတော့ သူတို့အနေနဲ့ သူတို့ရဲ့ဖခင်ကြီးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တာသာဖြစ်ပြီး သူတို့ရဲ့ အကြီးဆုံး အစ်ကိုကြီးဖြစ်သူက သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးကို အလွဲသုံးစားလုပ်ပြီး သူ့ရဲ့ နိုင်ငံရေးမြို့တော်ကို ပိုပြီး အားကောင်းမောင်းသန်ဖြစ်ရအောင် ဒီအိမ်ကို ဆက်လက် ထိန်းသိမ်းချင်နေတာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။ စည်းစိမ်ဥစ္စာ အာဏာ စတာတွေဟာ လူအတော်များများရဲ့ သည်းခြေကြိုက် ဖြစ်တဲ့အတွက် အဲဒါတွေရဖို့၊ ရထားရင်လည်း ဆက်လက်တည်မြဲ အဓွန့်ရှည်ဖို့ ကျားကုပ်ကျားခဲ ကြိုးပမ်းအားထုတ်တတ်ကြတာကို လောကီထုပ္ပတ်မှာ တွေ့မြင်ခဲ့ရတာ များလှသလို တွေ့မြင်နေရဆဲလည်း ဖြစ်ပါတယ်။ အဲဒီလို စည်းစိမ်ဥစ္စာ အာဏာအတွက်ဆိုရင် ခု မစ္စတာလီကွမ်ယူတို့ မိသားစုမှာ တွေ့ရတဲ့ လက်တလုံးခြား လှည့်ပတ်လိမ်လည်မှုတွေ လုပ်လာနိုင်သလို ဒီထက်မက ကြီးမားတဲ့ နိုင်ငံရေးအရ လုပ်ကြံတာတွေကိုလည်း ကြုံတွေ့နိုင်တယ်ဆိုတာကို သတိထားကြရမှာ ဖြစ်ပါတယ်။    ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024