A d v e r t i s e m e n t With Us

ပေါ်တူဂီတွင် တောမီးလောင်ကျွမ်းမှုကြောင့် ၄၃ ဦး သေဆုံး (ရုပ်သံ)

ပေါ်တူဂီ နိုင်ငံအလယ်ပိုင်းမှာ တောမီးလောင်ကျွမ်းလို့ ဇွန် ၁၇ ရက်နေ့ မွန်းလွဲပိုင်းထိ လူအနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်၊ သေဆုံးသူ အများစုက လမ်းပေါ်မှာ ကားအသီးသီးနဲ့ သွားလာရင်း မီးဝိုင်းခံရသူတွေ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။ မီးသတ်သမားတွေ အပါအဝင် လူ ၅၉ ယောက် ဒဏ်ရာရပါတယ်။ မီးသတ်သမား အယောက် ၆၀၀ က ကြိုးစားငြှိမ်းသတ်နေပေမယ့် မီးကို ခုချိန်ထိ မထိန်းချုပ် နိုင်သေးပါဘူး။ ဒီတောမီးဟာ ဆယ်စုနှစ်တွေအတွင်း ပေါ်တူဂီနိုင်ငံမှာ လူသေမှု အများဆုံး တောမီးတွေထဲက တခု ဖြစ်လာပါတယ်။ အခင်းဖြစ်ရာနေရာကို ပေါ်တူဂီ သမ္မတ မာစီလို ရေဘယ်လို ဒေဆော်ဆာက သွားရောက် စစ်ဆေးခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီး ဂျော့ခ်ျ ဂိုမဲ့ဇ်က ပြောပါတယ်။ ဇွန် ၁၇ ရက်နေ့မှာ တောမီးဟာ တောင်ထူထပ်တဲ့ ပေဒရိုဂေါင် ဂရန်ဒေဒေသကို လောင်ကျွမ်းခဲ့တာပါ။ ဒေသတွင်း အပူလှိုင်း ပြင်းထန်နေပြီး လေပြင်းတွေကြောင့် မီးလောင်ရာ လေပင့် ဖြစ်ခဲ့ပါတယ်။ တောမီးကြောင့် လူ ၂ ယောက်က ပျောက်ဆုံးနေတယ်လို့ ဂိုမဲ့ဇ်က ပြောခဲ့ပါတယ်။ ပေါ်တူဂီ နိုင်ငံတလွှား နေရာ ၆၀ လောက်မှာ တောမီး လောင်ကျွမ်းနေပြီး မီးသတ်သမား အယောက် ၁၇၀၀ က နိုင်ငံအဝှမ်းမှာ ကြိုးစား ငြှိမ်းသတ်နေပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိသေးပေမယ့် မိုးကြိုးမုန်တိုင်းတွေဟာလည်း အကြောင်းရင်းတခု ဖြစ်နိုင်တယ်လို့ ဝန်ကြီးချုပ် အန်တိုနီယို ကို့စ်တာက ခန့်မှန်း ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up