စပိန်နိုင်ငံတွင် လိမ္မော်ရောင်အဆင့် အပူလှိုင်းတပ်လှန့်သတိပေးချက် ထုတ်ပြန်

459
စပိန်နိုင်ငံ မိုးလေဝသဌာနက နိုင်ငံတွင်း ၂၄ ခရိုင်မှာ လိမ္မော်ရောင်အဆင့် အပူလှိုင်း တပ်လှန့် သတိပေးချက်ကို ဇွန် ၁၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
စပိန်ကျွန်းဆွယ်တလွှား မြင့်မားတဲ့ အပူချိန်က လွှမ်းခြုံထားတာပါ။ လိမ္မော်ရောင် သတိပေးချက်ဟာ သတိပေးမှု အမြင့်ဆုံး အနီရောင်ရဲ့ အောက်တဆင့်မှာ ရှိပါတယ်။
မက်ဒရစ် မြို့တော်မှာ ခရီးသွားတွေနဲ့ ဒေသခံတွေဟာ မြို့တော်တောင်ပိုင်းက ပန်းခြံထဲ စုရုံးရောက်လာပြီး ရေပန်းတွေအောက်မှာ အအေးခံနေကြပါတယ်။
ဇွန် ၁၇ ရက်နေ့မှာ အမြင့်ဆုံး အပူချိန် ၃၉ ဒီဂရီ စဲလ်စီးယပ်စ် ရှိမယ်လို့ စပိန်မိုးလေဝသဌာနက ပြောပေမယ့် လမ်းပေါ်က အပူချိန်တိုင်း ကိရိယာတွေက ၄၄ ဒီဂရီ စဲလ်စီးယပ်စ်ကို ပြထားပါတယ်။
လမ်းဘေးဈေးတွေ၊ ကဖေးဆိုင်တွေ အများအပြားမှာ လူမရှိဘဲ အရိပ်ခိုနေကြပါတယ်။ စပိန်မှာ ဇွန် ၂၁ ရက်မှ နွေရာသီကို တရားဝင် ရောက်မှာပါ။ ဒါပေမယ့် အချိန်မတိုင်မီကတည်းက အပူလှိုင်းက စနေပါပြီ။
ကော်ဒိုဘာမြို့မှာ အမြင့်ဆုံး အပူချိန်အဖြစ် ၄၃ ဒီဂရီ စဲလ်စီးယပ်စ်ထိ ရောက်နိုင်မယ်လို့ စပိန် မိုးလေဝသဌာနက ပြောခဲ့ပါတယ်။