Home
မြန်မာသတင်း
လားရှိုးမြိုနယ်တွင်း ပြည်သူ့စစ်က ရွာသားများအား စစ်သားစုဆောင်းနေ
နန်းမြနဒီ
·
June 17, 2017
ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုတွေမှာ  ဗိုလ်မွန်းဦးဆောင်သော မန်ပန် အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့က  လူသစ်တွေ လိုက်လံစုဆောင်းနေတာကြောင့် ရွာသားတွေ ထွန်ယက်စိုက်ပျိုးချိန်မှာ အခက်အခဲဖြစ်နေကြပါတယ်။ လားရှိုးမြို့နယ် မိုင်းကျက်ကျးရွာအုပ်စုထဲမှာဆိုရင် ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ပြည်သူ့စစ်ဘက်က လူတွေရောက်လာပြီး တရွာကို တယောက် လူရှာထားပေးဖို့ လာပြောသွားကြောင်း၊ ဒီအချိန်ဟာ ထွန်ယက်စိုက်ပျိုးချိန်ဖြစ်နေတာကြောင့်  သူတို့အနေနဲ့ ရွာသားတွေကို ပြောရခက်နေတယ်လို့ မိုင်းကျစ်အုပ်စုရှိ  ကျေးရွာကော်မတီဝင် တဦးက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ အုပ်စုထဲက တရွာတယောက် စုထားပေးဖို့ ၁၂ ရက်နေ့က လာပြောတယ်။ ၃ ရက်အတွင်း စုပြီး သူတို့ဌာနချုပ်ကို လာပို့ပေးပါလို့ပြောတယ်။ ဒီအချိန် အားလုံး အလုပ်များနေကြ တဲ့ အချိန်လေ၊ အရင်တပတ်က ရွာမှာ ကျွဲနွားတွေ ရောဂါဖြစ်ပြီး သေကုန်လို့ စိတ်ညစ်နေကြ ရ တဲ့အထဲ ခုလိုစစ်သား လာကောက်တော့ ပိုပြီးစိတ်ညစ်တာပေါ့။ ပြောတဲ့အတိုင်း လူမကောက်ပေးရင် ဘာလုပ်မယ် ညာလုပ်မယ်လို့တော့ ခြိမ်းခြောက်တာတွေတော့ မရှိပါဘူး။ ဒါပေမယ့် သူတို့စိတ်မထင်ရင်  ရိုက်နှက်တာရှိတယ်။  သားကို စာရင်းမှတ်သွားပြီး သားက တခြားကို ထွက်သွားရင် အဖေကို ဖမ်းထားတယ်။ သားပြန်လာမှ လွှတ်ပေးတယ်။ ပြီးခဲ့တဲ့အပတ်က မိုင်းကျက်ရွာကနေ  ပြည်သူ့စစ်ထဲပါသွားတဲ့ လူငယ်လေးတယောက် သူက ဟိုမှာ ၂ နှစ်တာ ၀န်ထမ်းဆောင်ပြီး အိမ်ကို ခွင့်နဲ့ပြန်လာတယ်တဲ့။ ပြီးတော့ စစ်ထဲပြန်မသွားတော့ဘဲ တရုတ်ပြည်ဘက်သွားလိုက်တယ်။ အဲဒီမှာ သူ့အဖေကို ပြန်ခေါ်ခိုင်းတယ်။ ဖုန်းဆက်လို့မရဘူးပြောတော့ သူ့အဖေကို ဖမ်းခေါ်သွားပြီး ရိုက်တာ။ ပြန်လွတ်လာတော့ ဒဏ်ရာတွေနဲ့ အခုထက်ထိ ဆေးကုနေတာ မပျောက်သေးဘူး။” ဒီကနေ့ဟာ ပြည်သူ့စစ်တွေ ချိန်းဆိုထားတဲ့ရက်ထက် ၂ ရက်လွန်လာပြီဖြစ်လို့ မိုင်းကျက်အုပ်စုရှိ  ရွာပေါင်း ၁၄ ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာကော်မတီဝင်တွေ အစည်းအဝေး တရပ်လုပ်ခဲ့ကြောင်း၊ ရွာတိုင်းရွာတိုင်းဟာ လူသစ်ပို့ပေးရမယ့် အခက်အခဲရှိလို့ ဘယ်ရွာမှ မပို့နိုင်သေးဘဲ ပြည်သူ့စစ်က လာမေးရင် ဒီအခက်အခဲတွေ တညီတညွတ်တည်း ၀ိုင်းဝန်းတင်ပြဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုထဲမှာတော့ တရွာတယောက်ခေါ်တာမဟုတ်ဘဲ အရွယ်ကောင်း လူငယ်လူရွယ်တွေရဲ့ အမည်စာရင်းနဲ့ ရောက်လာကြောင်း၊ စာရင်းထဲပါတဲ့ လူတွေ ၃ ယောက်ကို မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့တဦးက လိုက်သွားရတယ်လို့  နမ့်ပေါင်ကျေးရွာ  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမှုဆောင် စိုင်းလှထွေးက ပြောပါတယ်။ “ကျနော်တို့ ကျေးရွာအုပ်စုထဲမှာလည်း  ပြည်သူ့စစ်က လူသစ်လာစုတယ်လို့ ရွာသားတွေက လာတိုင်ထားပါတယ်ခင်ဗျ။ သူတို့လိုခင်တဲ့ လူစာရင်းအတိုင်းခေါ်ယူတာ၊ ၃ ယောက်တစု မဲနှိုက်ခိုင်းပြီး  မဲပေါက်တဲ့ တယောက်ကိုယူတယ်တဲ့။ နမ့်ပေါင်အုပ်စုရော၊ ကုန်းမုန့် ၊ ခုမ်ကျုံအုပ်စု၊ ကွန်ဟျိုးအုပ်စုတွေလည်းပါတယ်။ တအုပ်စုကို ရွာပေါင်း ၆ ရွာ ၇ ရွာလောက်ရှိတယ်။ ပြီးတော့ လားရှိုးမြို့နယ်ထဲမှာ ကျေးရွာအုပ်စုပေါင်း ၁၈ စုရှိတော့ လူတွေမနည်းဘူးဗျ။ ၁၅ ရက်နေ့ နောက်ဆုံးထားလို့ ပြောတာပဲ။ အခု ၂ ရက်ကျော်လာပြီ ဘာမှတော့ လာမပြောကြသေးဘူး။” ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကလည်း ပြည်သူ့စစ်ထဲဝင်ဖို့ အကြောင်းကြားစာ ပို့လာကြောင်း၊ အဲဒီစာအရဆိုရင်  လူပေါင်း ၁၀၀ ကျော် ပို့ပေးရမှာဖြစ်တဲ့အတွက် ကျားခေါင်းပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က အစိုးရတပ်ဆီသွားပြောကြောင်း၊  စစ်တပ်ဘက်က ဒီကိစ္စလွှတ် တော်ထိတင်စရာ မလိုဘဲ သူတို့ညှိနှိုင်းဖြေရှင်းပေးမယ်ပြောခဲ့ကာ အဲဒီနောက် လူသစ် စုဆောင်းမှု ငြိမ်သွားပြီး ဒီလ ၁၂ ရက် ၁၃ ရက်လောက်မှာ ပြန်ပြီးစုဆောင်းတာလို့ သူက ဆက်ပြောပါတယ်။ လားရှိုးမြို့နယ် မန်ပန်ကျေးရွာအခြေစိုက် ဗိုလ်မွန်းဦးဆောင်သော ပြည်သူ့စစ်အဖွဲ့ဟာ  ယခင်က ခွန်ဆာခေါင်းဆောင်းတဲ့ အမ်တီအေတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ခွန်ဆာလက်နက်ချတဲ့ အခါမှာ အစိုးရ တပ်လက်အောက်ခံ ပြည်သူ့စစ်အသွင်နဲ့ လားရှိုးမြို့နယ်၊ တန့်ယန်းမြို့နယ်တွေထဲမှာ လှုပ်ရှားနေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024