Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် အသက် ၉၀ ကျော် ဘိုးဘွား ၃၀၀၀ ကျော်ကို လူမှုရေးပင်စင်ထောက်ပံ့
Aung Ko Latt
·
June 17, 2017
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသက် ၉၀ နှစ်နဲ့အထက် အဖိုး၉၃၃ဦး၊ အဖွား ၂၃၇၄ဦး စုစုပေါင်းအဖိုးအဖွား ၃၃၀၇ ဦးကို လူမှုရေးပင်စင်အဖြစ် တစ်လကို ၁သောင်းကျပ်နှုန်းနဲ့ ၃လစာ ကျပ် ၃သောင်း ကူညီထောက်ပံ့မှုတွေကို  ဇွန် ၁၆ ရက်မှာ အစိုးရက စတင်လိုက်ပါတယ်။ လူမှုရေးပင်စင်အတွက် စာရင်းကောက်ယူမှုတွေကို ဒီနှစ်အစောပိုင်းက စတင်ကောက်ယူခဲ့ပြီး မြို့နယ်အသီးသီးက သက်ကြီးဖိုးဖွား ၄ထောင်နီးပါး စာရင်းတင်ပြခဲ့ရာမှာ အထောက်အထားခိုင်လုံပြည့်စုံတဲ့ အဖိုးအဖွား ၃ ထောင်ကျော်ကို ထောက်ပံ့ပေးတာဖြစ်ပါတယ်။ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကိုင်းမြို့နယ်က ၃၂၄ ဦးနဲ့ အများဆုံးဖြစ်ပြီး ခန္တီးမြို့နယ်က ၁ ဦးနဲ့ အနည်းဆုံးဖြစ်ပါတယ်။ နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နန်းယွန်းမြို့နယ်က တင်ပြမှုမရှိခဲ့ဘဲ လဟယ်မြို့နယ်က ၄၀၀ တင်ခဲ့ပြီး လေရှီးမြို့နယ်က ၄ ဦးရှိခဲ့ပါတယ်။ ဒါပေမယ့် လဟယ်မြို့နယ်က မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ စတာတွေ တင်ပြနိုင်ခြင်းမရှိတဲ့အတွက် စီစစ်ရွေးချယ်ရာမှာ မပါဝင်ခဲ့ပါဘူး။ သို့သော်လည်း ဖြေလျှော့မှုအစီအစဉ်တွေအရ အခုတစ်ကြိမ်မှာမပါဝင်ပေမယ့် နောက်တစ်ကြိမ်မှာပါဝင်နိုင်ဖို့ လိုအပ်တဲ့အထောက်အထားတွေကိုလုပ်ဆောင်ပြီး ထပ်တင်လာခဲ့ရင် ဆောင်ရွက်ပေးသွားမယ်လို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီက အတည်ပြုပြဌာန်းခဲ့ပါတယ်။ ဒီမဟာဗျူဟာပါ အချက် ၈ချက်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက်ကလေးတွေကိုထောက်ပံ့တာ၊ လူမှုရေးပင်စင်ထောက်ပံ့တာ၊ ကျောင်းတွင်း အာဟာရတိုက်ကျွေးတာ၊ မသန်စွမ်းပြန်လည်ထူထောင်ရေးထောက်ပံ့ကြေးပေးတာစတဲ့အစီ အစဉ်တွေ ပါဝင်ပါတယ်။ ကျန်တဲ့အစီအစဉ်တွေအတွက်တော့ နိုင်ငံတော်ရဲ့ ဘက်ဂျက်အပေါ်မူတည်ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက ညွှန်ကြားရေးမှုး ဒေါ်သိန်းသိန်းမြင့် က ဒီဗွီဘီကိုပြောပါတယ်။ “ ပထမဆုံးအကြိမ်ဆိုတော့ သွားလာရေးအခက်အခဲ၊ ဝန်ထမ်းအင်အားအခက်အခဲ၊ ဘက်ဂျက်၊ အချက်အလက်မပြည့်စုံတာ တွေတော့ရှိတာပေါ့။ ဝန်ထမ်းကလည်း အင်အားနည်းတော့ ဆက်သွယ်ရေးကောင်းတဲ့ဒေသဆို တစ်ယောက်ကို တစ်မြို့နယ်တင်မကဘူး တာဝန်ယူကြရတာ။ နောက်ပိုင်းတော့ အဆင်ပြေသွားမှာပါ” လူမှုရေးပင်စင်အတွက်ရရှိတဲ့ ထောက်ပံ့ကြေးခွဲတမ်းတွေကို ဘဏ်ငွေလွှဲလက်မှတ်နဲ့ သက်ဆိုင်ရာမြို့နယ်စီခန့်တွေကိုပေးပို့ပြီး မြို့နယ်စီခန့်တွေကတစ်ဆင့်ထုတ်ယူကာ အဖိုးအဖွားတွေ လက်ထဲကို တိုက်ရိုက်ပေးပို့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024