Home
မြန်မာသတင်း
တနိုင်းမြို့နယ်၌ တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်၊ မှော်လုပ်သားများ ထွက်ပြေး
နော်နိုရင်း
·
June 16, 2017
ကချင်ပြည်နယ် တနိုင်းမြို့နယ် ကောင်ရာကျေးရွာအနီးမှာ ဒီနေ့မနက် ၈ နာရီခွဲလောက်ကစပြီး အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တနိုင်းမြို့ခံ သင်းအုပ်ဆရာ ဒဘန်ဂျေဒီးက ပြောပါတယ်။ “တိုက်ပွဲက ဒီမနက် ကောင်ရာရွာနားမှာ တခေါက်ဖြစ်တယ်။ ၁ နာရီလောက်ဖြစ်တယ်။ မနက် ၈ နာရီခွဲလောက်မှာစဖြစ်တာ။” ဇွန် ၅ ရက်နေ့က တပ်မတော်က တနိုင်းမြို့နယ် ရွှေမှော်၊ ပယင်းမှော်ဒေသခံတွေကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့ အမိန့်ထုတ်ထားပြီးနောက်ပိုင်း အဲဒီဒေသက  ရွှေမှော်အသီးသီးက ရွှေ့ပြောင်းလုပ်သားတွေဟာ မိမိနေရပ်ဒေသအသီးသီးဆီကို ပြန်သွားခဲ့ကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတချို့ကတော့ ကျန်ရှိနေသေးပြီး မနက်ဖြန်မှ ထွက်လာဖို့ရှိတယ်လို့လည်း ပြောပါတယ်။ ကောင်ရာ၊ အင်ဂါဂါး၊ နမ်ခမ်းကျေးရွာတွေက ဒေသခံပြည်သူ ၈၇၄ ဦးကတော့ လက်ရှိ တနိုင်းမြို့ပေါ်က  ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ထွက်ပြေးခိုလှုံလာနေကြပါတယ်။ ဒီနေ့ နောက်ဆုံးရထားတဲ့ စစ်ပြေးဒုက္ခသည်စာရင်းအရ တနိုင်းမြို့ပေါ်က ကေဘီစီကျောင်းမှာ လူ ၅၀၄ ဦး၊ အာစီကျောင်းမှာ ၁၅၃ ဦး၊ အေဂျီကျောင်းမှာ ၂၀၁ ဦးနဲ့ အင်္ဂလီကန်ကျောင်းမှာ ၁၈ ဦး စုစုပေါင်း ၈၇၄ ဦးရောက်ရှိနေတာလို့ ဆိုပါတယ်။ လတ်တလော လူမှုကူညီရေးအဖွဲ့တွေ ကူညီမှုကြောင့် စစ်ဘေးရှောင်လာသူတွေအတွက် အစားအသောက် အဆင်ပြေနေသေးတယ်လို့ ဆရာ ဒဘန်ဂျေဒီးက ပြောပါတယ်။ ရွှေမှော်၊ ပယင်းမှော်တွေကနေ ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး အစိုးရတပ်မတော်က ထွက်ခွာခိုင်းခဲ့သလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း အဲဒီဒေသမှာ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ) ကလည်း သတိပေးစာထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-Hkun Awng Nlam
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024