Home
မြန်မာသတင်း
တရားမဝင် စက်သုံးဆီအရောင်းဆိုင်များအား တားမြစ်အရေးယူမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 16, 2017
မြို့တွင်းနဲ့ လူနေရပ်ကွက်တွေထဲ တရားမဝင် စက်သုံးဆီ ရောင်းချနေတာတွေကို တားမြစ်အရေးယူသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ တရားမဝင် စက်သုံးဆီ အရောင်းဆိုင်တွေဟာ မီးဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်တာနဲ့ သတ်မှတ်မြေဧက အကျယ်အဝန်း မရှိတာတွေကြောင့် ရောင်းချခွင့်မပြုဖို့ကို ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ ညှိနှိုင်း သတိပေးထားပြီးဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “ဘက်ထရီပန့်တွေနဲ့ မြို့ထဲ ရပ်ကွက်ထဲတွေမှာလည်း စက်သုံးဆီကို ရောင်းချနေကြတာ အန္တရာယ်အရမ်းများတယ်။ မီးလောင်မှုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်တယ်။ ဒါကြောင့် အဲဒါတွေကို ခွင့်လည်း ခွင့်မပြုထားဘူး။ ဖွင့်နေတဲ့ဆိုင်တွေကို စစ်ဆေးအရေးယူဖို့ ဆောင်ရွက်နေတယ်။ အခုလောလောဆယ်ထိတော့ အရေးယူထားတာ မရှိသေးဘူး” လို့ ပြောပါတယ်။ ပင်လယ်ရေကြောင်း နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကနေ ပန့်သေး (Battery Pump) တွေ တင်သွင်းမပြုဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး တင်သွင်းမှုတွေ့ရှိပါက တည်ဆဲဥပဒေ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူဆောင်ရွက်သွားဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ စက်သုံးဆီအရောင်းဆိုင်တွေနဲ့ ပတ်သက်ပြီး ၁၉၃၄ ခုနှစ် ရေနံအက်ဥပဒေ ပုဒ်မ ၈ အရ ရောင်းချဖို့ရည်ရွယ်ပြီး ၆ ဂါလံထက် ပိုသိုလှောင်ရောင်းချမယ်ဆိုရင် သက်ဆိုင်ရာဌာနမှာ လိုင်စင်လျှောက်ထားရမယ်လို့ ပါရှိပါတယ်။ တရားမဝင် ဖွင့်လှစ်ရောင်းချနေတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကြောင့် ၂၀၁၇ ခုနှစ် ၅ လအတွင်းမှာကိုပဲ မီးလောင်ကျွမ်းမှု ၈ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အဲဒီထဲက ကျပ်သိန်း ၄၉၀၀ လောက်ရှိတဲ့ မီးလောင်ကျွမ်းမှုတခုကတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းနားက စက်သုံးဆီ အရောင်းဆိုင်တဆိုင် ဖြစ်ပါတယ်။ ပန့်သေး (Battery Pump) နဲ့ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ချထားပေးရာမှာ ဖြေလျှော့ခွင့်ပြုပေးခဲ့ပြီး မီးဘေးအန္တရာယ်ကြောင့် မြေအကျယ်အဝန်း ၃၂၀၀ စတုရန်းပေပေါ်မှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပါက ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ တရားဝင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင် ထုတ်ပေးထားတဲ့ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်ပေါင်း (၆/၇/၂၀၁၇ အထိ) ၂၀၉၁ ဆိုင်ရှိပါတယ်။ တရားဝင်လိုင်စင်ထုတ်ပေးထားတဲ့ စက်သုံးဆီအရောင်းဆိုင်တွေထဲ မန္တလေးတိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပြီး တရားမဝင် စက်သုံးဆီရောင်းချတဲ့ ပန့်သေး (Battery Pump) ဆိုင် အများအပြားကိုလည်း မန္တလေးမြို့မှာ တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024