Home
မြန်မာသတင်း
ရှမ်းပြည်အရှေ့ပိုင်းတခွင်လုံးမီးလင်းရေး အကောင်အထည်ဖော်
DVB
·
June 15, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်းတခွင်လုံး လျှပ်စစ်မီးလုံလောက်အောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၄ မိုင်းလားနဲ့ လာအိုနိုင်ငံတို့ဆီကနေ လျှပ်စစ်မီး ဝယ်သုံးမယ်လို့ ရှမ်းပြည်နယ်အစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဆွေသိန်းက ပြောပါတယ်။ ဇွန်လ ၁၄ ရက်နေ့မှာ အထူးဒေသ ၄ မိုင်းလား၊ လာအိုနိုင်ငံက တာဝန်ရှိသူတွေနဲ့ တာချီလိတ်မြို့ ပလက်တီနမ်စတားဟိုတယ်မှာ ဆွေးနွေးအပြီး သူက ပြောခဲ့တာဖြစ်ပါတယ်။ ဦးဆွေသိန်းက "ကျနော်တို့ အခု အထူး ၄ မိုင်းလားကနေ ကျိုင်းတုံအထိ လျှပ်စစ်မီးရရှိအောင် သွယ်တန်းနေပါတယ်။ ဒီလိုပဲ လာအိုနိုင်ငံကနေ ကြိုးသွယ်တန်းဖို့ ကုမ္ပဏီ ၃ ခုကို ရှမ်းပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်ပေးထားပြီးပါပြီ။ အထူးဒေသ ၄ က လျှပ်စစ်သွယ်တန်းဖို့တော့ စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။ ကျိုင်းတုံဘက်ခြမ်းအတွက် လမ်းတွေပိတ်ထားသေးတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြဖို့ စီစဉ်ထားပါတယ်" လို့ ပြောပါတယ်။ အထူးဒေသ ၄ မိုင်းလားနဲ့ လာအိုနိုင်ငံထံက ဝယ်ယူတဲ့ လျှပ်စစ်မီးနဲ့ပတ်သက်လို့ အသေးစိတ် ဆွေးနွေးနေပြီး ကျိုင်းတုံမှာ ဓာတ်အားခွဲစက်ရုံ တည်ဆောက်နေကြောင်း၊ လိုင်းကြိုးသွယ်တန်းဖို့   ပြင်ဆင်နေကြောင်းနဲ့ ပိုလျှံတဲ့ လျှပ်စစ်မီးတွေကို တစ်နိုင်ငံလုံးဖြန့်ကျက်တဲ့ ပင်မဓာတ်အားလိုင်းအတွင်း ထည့်ကာ ပြည်တွင်းကို ဖြန့်သွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း လျှပ်စစ်မီးအပြည့်အဝရရှိရေးကို ၂၀၁၅ ခုနှစ်မှ စတင်ကာ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြရာမှာ အထူးဒေသ ၄ က တာဝန်ရှိသူတွေနဲ့ နိုင်ငံတော်သမ္မတနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အထူး ၄ မိုင်းလားဒေသအတွင်းရှိ မိုင်း"ဝ"ရေအားလျှပ်စစ်မှ ဆီလူး၊ မိုင်းလား၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယု ဒေသအတွင်းမှာ ဖြန့်ဖြူးနေပြီး ကျိုင်းတုံမြို့ကိုလည်း ဆက်လက်ဖြန့်ဖြူးမှာဖြစ်ကြောင်း၊ လာအိုနိုင်ငံမှ ဝယ်ယူထားရှိမှုမှာ တာချီလိတ်ခရိုင်ထဲက ကျိုင်းလပ်မြို့တခုတည်းသာ ဖြန့်ဝေနေပြီး တာချီလိတ်မြို့ကိုလည်း ဖြန့်ဝေဖို့ စီစဉ်နေကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024