သတင်းစာဆရာများအသင်း မြန်မာနိုင်ငံတွင် ဖွဲ့စည်းမည်
DVB
·
February 15, 2012
လက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကနေ သတင်းစာဆရာတွေအတွက် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းကို သီးခြားခွဲထုတ်ပြီး ဖွဲ့စည်းဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
အရင်က မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအသင်းမှာ သုတ၊ ရသ စာရေးဆရာများအပြင် သတင်းသမားတွေ ပါဝင်ကြပါတယ်။
သတင်းစာ ဆရာများအဖွဲ့ ဖွဲ့ပြီးရင်တော့ သုတ၊ ရသ စာရေးဆရာတွေအတွက် မြန်မာနိုင်ငံ စာရေးဆရာများအသင်းနဲ့ သတင်းသမားတွေအတွက် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဆိုပြီး သီးခြားနှစ်ဖွဲ့ ဖြစ်သွားလို့ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရန်ကုန် သတင်းမီဒီယာသမားတွေကတော့ ဒါဟာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ခွင့်ပြုလို့ ဖွဲ့စည်းနိုင်တာလို့လည်း ပြောပါတယ်။
ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်ကတော့ သတင်းသမားတွေရဲ့ အကျိုးစီးပွား ကာကွယ်ဖို့အတွက် သတင်းစာဆရာအဖွဲ့ သီးခြား ရှိရမယ်လို့ ပြောပါတယ်။
“ခပ်စောစောက ဆွေးနွေးပွဲ တခုမှာတော့ ကျနော်တို့လည်း ပြောတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းသမား အဖွဲ့အစည်းတွေ ဖွဲ့ဖို့လိုတယ်။ တဖွဲ့တည်းအောက်မှာချည်း အကုန်လုံး ရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး။ သူတို့ဘာသာ နီးစပ်ရာ ဖွဲ့ချင်လည်း ဖွဲ့မယ်။ သို့သော် စာနယ်ဇင်းသမားတွေက စာနယ်ဇင်းကိစ္စနဲ့ ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးရော၊ အကျိုးစီးပွား ကာကွယ်ရေးရော အဲဒါ့တွေအတွက် စုစည်းတဲ့ အသင်းအဖွဲ့ အားလုံး ပေါင်းစုပြီးတော့ ဖြစ်ဖြစ် စာနယ်ဇင်းကောင်စီဆိုတာမျိုး ဖွဲ့ဖို့လိုတယ်။ အဲဒါမျိုး ကျနော်တို့ ဆွေးနွေးဖူးတာ ရှိတယ်။”
မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကို ခေတ်အဆက်ဆက် အစိုးရတွေက ဦးဆောင်ဖွဲ့ပေးခဲ့တာဖြစ်ပြီး စာရေးဆရာတွေ၊ သတင်းလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေ ပါဝင်ပါတယ်။ မြို့နယ်အဆင့်ထိလည်း စာပေနဲ့စာနယ်ဇင်းအဖွဲ့ ဆိုပြီးတော့ ဖွဲ့ပေးထားပါတယ်။