DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်မှာ အထင်ကြီး​စရာ အ​ခြေအ​နေ ​တွေ့​ခဲ့​ရဟု ဂျိုး​ဇက်စတစ်ဂလစ် ​ပြော
DVB
·
February 15, 2012
မြန်မာပြည်မှာ အထင်ကြီး​စရာ အ​ခြေအ​နေ ​တွေ့​ခဲ့​ရဟု ဂျိုး​ဇက်စတစ်ဂလစ် ​ပြော
Donate to DVB

မြန်မာပြည်ကို စီး​ပွား​ရေး​အကြံ​ပေး​ဖို့​ သွား​ရောက်ခဲ့​တဲ့​ ထင်ရှား​တဲ့​ စီး​ပွား​ရေး​ပညာရှင် ဂျိုး​ဇက်စတစ်ဂလစ်က မြန်မာပြည်မှာ အရင်နဲ့​မတူ အထင်ကြီး​လောက်စရာ အ​ခြေအ​နေ​တွေကို ​တွေ့​ခဲ့​ရတယ်လို့​ ​ပြောပါတယ်။

ဂျိုး​ဇက်စတစ်ဂလစ်(ဓာတ်​ပုံ-​ရိုက်​တာ)

မြန်မာသမ္မတ ဦး​သိန်း​စိန်၊​ အစိုး​ရပိုင်း​က ဝန်ကြီး​တွေ၊​ အရပ်ဘက် အဖွဲ့​အစည်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ ဂျိုး​ဇက်စတစ်ဂလစ်က အခုခရီး​စဉ်မှာ ၂၀၀၉ ခုနှစ် ခရီး​နဲ့​ မတူတဲ့​ တိုး​တက်မှု​တွေကို ​တွေ့​ခဲ့​ရတဲ့​အ​ကြောင်း​ ဒီဗွီဘီနဲ့​ သီး​သန့်​ ​မေး​မြန်း​ခန်း​မှာ ​ပြောပါတယ်။

“ဥပမာအ​နေနဲ့​ လိုင်စင်​တွေ ​တော်​တော်များ​များ​ ထုတ်​ပေး​ထား​လို့​ ​ဈေး​ကွက်ထဲမှာ ပြိုင်ဆိုင်မှုကလည်း​ ​တော်​တော်​လေး​ ရှိလာပါတယ်၊​ အရင်တုန်း​က ဒီလို ပြိုင်ဆိုင်မှု မရှိတဲ့​ ဒဏ်​တွေ ခံခဲ့​ရတယ်​လေ။ အခု​နောက်ပိုင်း​မှာ​တော့​ ​ဈေး​ကွက်ကို ​စောင့်​ကြည့်​နေသူ​တွေက ​ဈေး​နှုန်း​တွေ ကျသွား​တဲ့​ အ​ကြောင်း​ ​ပြောကြပါတယ်။ ဒါမျိုး​တွေကို သူတို့​ ​တော်​တော်​လေး​ကို လုပ်ထား​တာ ရှိပါတယ်” လို့​ ​ပြောပါတယ်။

အ​မေရိကန်ပြည်​ထောင်စု၊​ ကိုလံဘီယာတက္ကသိုလ်က နိုဘယ်လ်ဆုရ စီး​ပွား​ရေး​ပညာရှင် ဂျိုး​ဇက်စတစ် ဂလစ်ဟာ လွတ်လပ်တဲ့​ ​ဈေး​ကွက်စီး​ပွား​ရေး​နဲ့​ ဆိုရှယ်လစ်စီး​ပွား​ရေး​ စနစ်နှစ်ခုကို ​ရောစပ်ထား​တဲ့​ တတိယနည်း​ စီး​ပွား​ရေး​စနစ်ကို မြှင့်​တင်သူအဖြစ် ပညာရှင် အသိုင်း​အဝိုင်း​ကြား​မှာ လူသိများ​သူဖြစ်ပါတယ်။

သူ့​ကို မြန်မာအစိုး​ရက ဒုတိယအကြိမ် ဖိတ်ကြား​တာဟာ သူ့​ရဲ့​ `တတိယနည်း​´ စီး​ပွား​ရေး​ဒဿနကို စိတ်ဝင်စား​လို့​ ဖြစ်မယ်ဆိုရင် အံ့​ဩစရာမရှိဘူး​လို့​ ဂျိုး​ဇက်စတစ်ဂလစ်က ​ပြောပါတယ်။

“တတိယနည်း​က​တော့​ မြန်မာအစိုး​ရက ​တော်​တော်​လေး​ စိတ်ဝင်စား​တာ ​တွေ့​ရပါတယ်။ မြန်မာပြည်က အာဆီယံအဖွဲ့​ရဲ့​ လွှမ်း​မိုး​မှုရှိတယ်၊​ ကူး​လူး​ဆက်ဆံမှု များ​တယ်၊​ အာဆီယံမှာကလည်း​ တတိယနည်း​ဆိုတဲ့​ စီး​ပွား​ရေး​ ဒဿနက အား​ကောင်း​ ​မောင်း​သန်ရှိတယ်။ ဒါ​ကြောင့်​ အံ့​ဩစရာ မရှိပါဘူး​။”

ဂျိုး​ဇက်စတစ်ဂလစ်ဟာ စ​နေ​နေ့​မှာ ရန်ကုန်မြို့​ လမ်း​မ​တော်နား​က မင်း​ရဲ​ကျော်စွာလမ်း​က မြန်မာနိုင်ငံ ကုန်သည်များ​နှင့်​ စက်မှုလုပ်ငန်း​ရှင်များ​ အသင်း​ချုပ် (UMFCCI) မှာ အရပ်ဘက်အဖွဲ့​အစည်း​တွေက စိတ်ဝင်စား​သူ​တွေ တက်​ရောက်တဲ့​ စီး​ပွား​ရေး​ဆိုင်ရာ ​ဟော​ပြောပွဲလုပ်ခဲ့​သလို၊​ အင်္ဂါ​နေ့​မှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ပါတယ်။

အစိုး​ရပိုင်း​မှာ​ရော၊​ အရပ်ဘက်အဖွဲ့​အစည်း​မှာပါ စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု အ​ပေါ် စိတ်ဝင်တစား​ ရှိတာ ​တွေ့​ခဲ့​ရတယ်လို့​ ဂျိုး​ဇက်စတစ်ဂလစ်က ​ပြောပါတယ်။

“စ​နေ​နေ့​ ကျ​နော့်​ရဲ့​ ​ဟော​ပြောချက် အကျဉ်း​ချုပ်က အင်္ဂါ​နေ့​ သမ္မတနဲ့​ ​တွေ့​တဲ့​အချိန်မှာ သမ္မတလက်ထဲမှာ ​ရောက်​နေပြီ။ ဒါက အ​တော်​လေး​ စိတ်ဝင်စား​စရာ ​ကောင်း​ပါတယ်။ အစိုး​ရပိုင်း​က ပြည်တွင်း​ဖြစ် စီး​ပွား​ရေး​ အစီအစဉ် တခု ရှိလာဖို့​ စိတ်ပိုင်း​ဖြတ်ထား​ပုံ​တော့​ ရတယ်။ တချိန်တည်း​မှာ အပြင်က လိုအပ်တဲ့​ အကြံဥာဏ်​တွေကိုလည်း​ အ​လေး​အနက် နား​ထောင်သွား​မယ် ဆိုတဲ့​ သ​ဘောမျိုး​ပေါ့​။”

သမ္မတ အစိုး​ရဝန်ကြီး​တွေနဲ့​ ​ဆွေး​နွေး​တဲ့​အခါမှာ ၂၀၀၉ ခုနှစ်တုန်း​က သတိကြီး​ကြီး​ထား​ပြီး​ ​ပြောဆိုခဲ့​ရတဲ့​ ဆင်း​ရဲမွဲ​တေမှုကိစ္စ၊​ လူသား​အရင်း​အမြစ်ကို အား​သစ်​လောင်း​ဖို့​ ကိစ္စ၊​ စီး​ပွား​ရေး​ကို လုံး​ဝဖွင့်​ပေး​ဖို့​ ကိစ္စ​တွေမှာ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​နိုင်ခဲ့​တယ်လို့​ သူက ဆိုပါတယ်။

မြန်မာပြည်မှာ လွန်ခဲ့​တဲ့​ နှစ်​တွေက ပြသာနာဟာ ရင်း​နှီး​မြှုပ်နှံသူ​တွေက သဘာဝသယံဇာတကို ထုတ်ယူတဲ့​ကဏ္ဍ၊​ လျှပ်စစ်ဓာတ်အား​ ထုတ်ယူတဲ့​ ကဏ္ဍ​တွေမှာပဲ ရင်း​နှီး​မြှုပ်နှံခဲ့​ပြီး​၊​ အလုပ်အကိုင်ကို ဖန်တီး​ပေး​နိုင်မယ့်​ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်း​နှီး​မြှုပ်နှံမှု မရှိခဲ့​တာ​ကြောင့်​လို့​ စတစ်ဂလစ်က သုံး​သပ်ပါတယ်။

ရန်ကုန်က ​ဟော​ပြောပွဲမှာ တက်​ရောက် နား​ထောင်သူ​တွေလည်း​ ၂၀၀၉ ခုနှစ် တုန်း​က အ​ခြေအ​နေနဲ့​ မတူဘဲ ပိုပြီး​ ပွင့်​ပွင့်​လင်း​လင်း​၊​ စိတ်အား​ ထက်ထက်သန်သန်နဲ့​ ရှိတာ ​တွေ့​ခဲ့​ရပြီး​၊​ အထူး​သဖြင့်​ `သယံဇာတကျိန်စာ´ကိစ္စ အ​ပေါ် အ​လေး​ထား​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ​ပြောပါတယ်။

အစိုး​ရအဖွဲ့​အတွင်း​မှာ ပြုပြင်​ပြောင်း​လဲမှုကို လုပ်ချင်တဲ့​ အင်အား​စု​တွေ အား​ကောင်း​မောင်း​သန် ရှိ​နေတာ၊​ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေ ပိုပြီး​ အသက်ဝင်လာတာ၊​ ပြီး​ခဲ့​တဲ့​ နှစ်​တွေက နိုင်ငံခြား​မှာ ​ရောက်​နေတဲ့​ မြန်မာ ပညာတတ် လူငယ်​တွေ နိုင်ငံထဲ ပြန်လာကြတာ​တွေဟာလည်း​ မြန်မာပြည်အတွက် အား​တက်စရာ ဖြစ်တယ်လို့​ စတစ်ဂလစ်က သုံး​သပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013