စက်မှုဝန်ကြီးဌာနပိုင်ကား မိုင်းနင်းမိ၊ ၁ ဦးသေ ၃ ဦး ဒဏ်ရာရရှိ
DVB
·
February 15, 2012
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ မနေ့က စက်မှုဝန်ကြီးဌာနပိုင် ကားတစီး မိုင်းနင်းမိပြီး လူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ နမ့်ခမ်း ဆေးရုံ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒဏ်ရာရတာ ၃ ယောက်ရောက်တယ်။ ၁ ယောက်က အရိုးတွေ ကျိုးနေတယ်။ တယောက်က လက်ဖျံရိုးထဲမှာ ၆ လက်မ သံချောင်းပြတ် တချောင်းတွေ့တယ်။ လက်ဖျံရိုး အသေးကတော့ ကျိုးသွားတယ်။ နောက်တခုက ဒူးအနောက်မှာ။ ပေါင်သွေးလွှတ်ကြော အရိုးရဲ့နားမှာ။ အဲ့ဒါက ထုတ်လို့မရဘူး။ နောက်တယောက်က ကားပျက်စီးသွားတော့ ကားက မှန်စတွေ စိုက်ပြီးတော့ လက်ဖျံမှ စိုက်ဝင်နေတဲ့ မှန်စတွေတော့ ထုတ်ထားတယ်။ ပေါင်က မှန်စတော့ မထုတ်ရသေးဘူး။”
သေသွားသူဟာ တရုတ်လူမျိုး တဦးဖြစ်တယ်လို့ သိရပေမယ့် တရုတ်နိုင်ငံသား ဟုတ် မဟုတ်တော့ သေချာ မသိရသေးပါဘူး။
ဒဏ်ရာရသူ ၃ ဦးကို နမ့်ခမ်း ဆေးရုံမှာ ကုသခဲ့ပေမယ့်လည်း တဦးမှာ ဒဏ်ရာပြင်းထန်လို့ မူဆယ်ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှု ပေးနေရပါတယ်။
စက်မှုဝန်ကြီးဌာနက ကားဟာ လဲကျနေတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ပြင်ဆင်ဖို့ အသွား လမ်းမှာ မိုင်းမိတာ ဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဒီဒေသမှာ စစ်တပ်ယာဉ်တစီး မိုင်းနင်းမိခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်ခမ်း ဆေးရုံကနေ စုံစမ်းသိရပါတယ်။