Home
ဆောင်းပါး
အသံတွေ ငြိမ်းချမ်းရေး စားပွဲပေါ် ရောက်ပါစေ
DVB
·
June 14, 2017
19141857_140829816489921_278446429_n
  “စစ်ဘေးရှောင်တွေ ကျနော်တို့ ကျောက်မဲမြို့ကို ရောက်လာတဲ့အချိန်မှာ အများက မေးကြတယ်။ ဘာလိုအပ်လဲပေါ့။ ဒါကလည်း သူတို့ ဖြည့်ဆည်းပေးချင်လို့ မေးကြတာပါ။ နောက်ပြီး အင်အားဘယ်လောက် ရောက်လာလဲ မေးတာလည်း ရှိတယ်။ သူတို့ ဘာလိုအပ်လဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ ငြိမ်းချမ်းချင်တာပါပဲ။ ငြိမ်းချမ်းခြင်းကို အရမ်းလိုအပ်နေကြတယ်” လို့ ကျောက်မဲမြို့က လူမှုရေး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးတင်မောင်သိန်းက ဆိုပါတယ်။ ကျောက်မဲမြို့ဆိုတာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်တခုဖြစ်ပြီး အဲဒီအနီး နယ်တဝိုက်မှာတော့ ရှမ်းလက်နက်ကိုင်အဖွဲ့၊ တအာင်းလက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ ကူးလူးလှုပ်ရှားနေတာကြောင့် မကြာခဏ ထိတွေ့မှုတွေ ဖြစ်နေတတ်ပြီး ၂၀၁၆ ခုနှစ်အတွင်းမှာပင် ထိတွေ့မှုပေါင်း ၅၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း ထိခတ်မှု ဖြစ်တဲ့အခါတိုင်း အနီးအနား ဒေသခံတွေဟာ နေရပ်စွန့်ခွာသူ စွန့်ခွာ၊ ရှောင်ပုန်းသူ ပုန်းရ ဆိုတဲ့ အဖြစ်တွေကလည်း သူတို့အတွက် နိစ္စဓူဝ ဖြစ်စဉ်များလို့တောင် သတ်မှတ်နိုင်တဲ့ အနေအထားထိ ဖြစ်ခဲ့ပါတယ်။ “ကိုယ့်အိမ်မဟုတ်ဘဲ သူများနောက် လိုက်နေတယ်ဆိုတာ ဘယ်လိုလုပ် အဆင်ချောမှာတုန်း။ မလိုက်တော့ မလိုက်ချင်ဘူး။ ဒါပေမယ့် သားသမီးတွေလည်း ရှိတယ်။ ကျမကလည်း မလိုက်လို့ မဖြစ်ဘူးလေ။ ကလေးမျက်နှာလည်း ရှိသေးတာကိုး။ အဲ့ဒါကြောင့် လိုက်ခဲ့ရတာ သူ့နောက်ကိုလေ။ ရွာကိုလွမ်းတယ်။ ကိုယ့်ငယ်ငယ်ကတည်းက နေခဲ့တဲ့ရွာ။ ကိုယ့်အမိအဖတွေနဲ့ ကိုယ့်အမျိုးတွေ ရှိတဲ့ရွာကို လွမ်းတာပေါ့” လို့ တောဆန်ရွာမမှာ နေထိုင်သူ မနန်း(အမည်လွှဲ) က ဆိုပါတယ်။ မနန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ မိုင် ၅၀ နီးပါး ဝေးကွာတဲ့ တောဆန်ရွာသူဖြစ်ပြီး လူမျိုးခြား တိုင်းရင်းသား အမျိုးသားတဦးနဲ့ အိမ်ထောင်ကျခဲ့သူ ဖြစ်ပါတယ်။ အခုတော့ တောဆန်ရွာမှာ သူ့ခင်ပွန်းဖြစ်သူ လူမျိုးခြားအတွက် စိုးရိမ်မှုကြောင့် ကျောက်မဲမြို့က အမျိုးသားဖြစ်သူဆီ လိုက်နေရသူ ဖြစ်ပါတယ်။ “စစ်ဖြစ်လို့ မြို့ပေါ်လာနေရရင် ကတ္တရာလမ်းပေါ် သူတို့ လမ်းလျှောက်ရတယ်။ လျှပ်စစ်မီးနဲ့ နေရတယ်။ လက်ဖက်ရည်ကောင်းကောင်း သောက်လို့ရတယ်။ မုန့်ကောင်းကောင်း စားလို့ရတယ်။ ဒါပေမယ့် ဒါတွေ သူတို့ မမက်ဘူးဗျ။ သူတို့ရွာလမ်းက ရွှံ့လမ်း၊ ဗွက်လမ်း၊ ရေချိုးမယ်ဆိုရင် တချို့ဒေသတွေက တောင်ပေါ်ကနေ တောင်အောက်ထိ ပင်ပန်းဆင်းရဲစွာ ရေသွားချိုးရမယ်။ ပြီးရင် အဲ့ဒီရေကို ဆွဲပြီး တက်လာရတာ တော်တော်ပင်ပန်းပါတယ်။ အဲဒီလို အရပ်ဒေသတွေမှာ နေကြရတယ်။ မီးမရှိဘူး။ သို့သော်လည်းပဲ သူတို့ရဲ့ ဇာတိချက်ကြွေ နေရာလေးဖြစ်တဲ့ သူတို့ရဲ့ အဘိုး အဘွား၊ အဖေ အမေတွေ ခေါင်းချရာအရပ်၊ ဆွေမျိုးသားချင်းတွေ အတူတကွ ပျော်ပျော်ရွှင်ရွှင်နေရတဲ့ အရပ်ကလေးဖြစ်တဲ့ နေရာ။ ပြောရရင် သူတို့ အလိုချင်ဆုံး အရာသည် သူတို့ရဲ့ဇာတိ သူတို့ရဲ့ နေရပ်ကလေးမှာပဲ သူတို့ စိတ်ချလက်ချ အန္တရာယ်ကင်းကင်း နေချင်တဲ့ အာသီသ အများဆုံးပါပဲ။ သူတို့တွေက သူတို့ဓလေ့ထဲမှာပဲ သူတို့ ပျော်ပျော်ရွှင်ရွှင် နေချင်တာ။ အခုတော့ စိုးရိမ်စိတ်နဲ့ပေါ့နော်။ ထိတ်ထိတ်လန့်လန့်နဲ့ ဘယ်နေ့ ဘာဖြစ်မလဲပေါ့နော် နေနေရတယ်” လို့ ကျောက်မဲမြို့က လူမှုရေး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးတင်မောင်သိန်းက ဆိုပါတယ်။ အခုတော့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အထူးကြိုးပမ်းပြီး ဆောင်ရွက်နေတာကို မြင်တွေ့နေကြရပါပြီ။ ပြည်တွင်းမှာ နှစ်ပေါင်း ၇၀ နီးပါး တောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးလျှံတွေကို ငြှိမ်းသတ်ဖို့ အဆုံးသတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယခင် အစိုးရလက်ထက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေစပြီး ငြိမ်းချမ်းရေးကို လက်ယပ်လို့ ခေါ်ခဲ့တယ်။ အခု အစိုးရပြောင်းတော့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆက်လက်ဆောင်ရွက်နေတယ်။ အခုဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတောင် ပြီးစီးခဲ့ပြီဖြစ်လို့ ပြည်ထောင်စု သဘောတူစာချုပ်တခုကိုတောင် လက်မှတ်ရေးထိုးနိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။ သို့သော် အခုလို ပြည်ထောင်စု သဘောတူစာချုပ်တခုကို လက်မှတ်ထိုးနိုင်ခဲ့ပေမယ့် အဲဒီအထဲမှာ ပါဝင်တဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝသယံဇာတအရေး သဘောတူညီချက် အချက် ၃၇ ချက် အဖြေရ သဘောတူသည်အထိ ဆွေးနွေးခဲ့ရာမှာတော့ ပြည်စုံမှု မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့သာ ပါဝင်ဆွေးနွေးထားပြီး မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ အဖွဲ့ ၄ ဖွဲ့ ပါဝင်ဆွေးနွေးနိုင်ခြင်း မရှိသေးတာကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး အန်စီအေမူပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း တနိုင်ငံလုံးစာ လွှမ်းခြုံအောင် ကျင်းပနိုင်ခြင်းလည်း မရှိသေးတဲ့အတွက် ဖြစ်ပါတယ်။ အန်စီအေမူမှာတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး အဲဒီပွဲကရလာတဲ့ အချက်တွေကိုမှ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးရမှာဖြစ်ပြီး နိုင်ငံရေးသဘောတူညီမှု အဖြေတွေကို အဲဒီ ညီလာခံကပဲ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဆွေးနွေးတယ်ဆိုတဲ့ နေရာမှာလည်း ကိုယ်စားပြုမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဆွေးနွေးခဲ့တဲ့ သူတွေဟာ တကယ်ရော သက်ဆိုင်ရာဒေသကို ကိုယ်စားပြုနိုင်ရဲ့လား ဆိုတာပါပဲ။ “ဆွေးနွေးတဲ့အခါကျရင် ကိုယ်စားပြုမှုဆိုတာ ကိုယ်စီ သက်ဆိုင်ကြတယ်။ အဲဒီ ကိုယ်စားပြုမှုတွေကကျတော့ ဘယ်လောက် ကိုယ်စားပြုလဲဆိုတဲ့ မေးခွန်းလည်း ထပ်ရှိလာတယ်။ တိုင်းရင်းသားလူမျိုးတမျိုးကို ဘယ်အဖွဲ့အစည်းက ကိုယ်စားပြုလဲ၊ ဘယ်ပုဂ္ဂိုလ်က ကိုယ်စားပြုလဲဆိုတာ နည်းနည်း ကိုယ်စီကိုယ်စီ အငြင်းပွားစရာတွေလည်း ရှိမယ်။ တချို့ဆိုရင် တယောက်တည်းနဲ့ မလုံလောက်ဘူးပေါ့နော်။ အဲဒီတော့ ကိုယ်စားပြုတဲ့ လူတွေအသီးသီးက စားပွဲဝိုင်းထိုင်မယ်ဆို သူ့ကို ကိုယ်စားပြုထားတဲ့ လူတွေရဲ့ သဘောထားဆန္ဒနဲ့ ကိုက်လား၊ မကိုက်လား။ တော့ဆန်ဆိုရင် စာမေးပွဲဖြေမယ့်ကာလ ဆိုတော့ အဲ့ဒီဒေသက ကလေးတွေက စာမေးပွဲ ဖြေချင်တာပဲ သိတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် တိုက်နေတဲ့လူက တိုက်နေတာပဲ။ ဆိုတော့ အခြေအနေတခုကို ဆုံးဖြတ်နိုင်စွမ်းက လက်နက်ရှိတဲ့သူ အာဏာရှိတဲ့သူတွေက အဲဒီ အခြေအနေတွေကို ဖန်တီးနေကြတယ်။ ဟိုကလူတွေက အဖန်တီးခံတွေ ဖြစ်နေတယ်” လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၄ ရက်ကနေ ၂၉ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးဟာဆိုရင် သဘောထား တင်းမာဖွယ် ထင်ရတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့ဟာ ဖိတ်ကြားခံရသူအဖြစ် ဖွင့်ပွဲကို တက်ရောက်နိုင်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အလွတ်သဘော တွေ့ခဲ့ကြပါတယ်။ ဒါက တိုးတက်လာတဲ့ သမိုင်းမှတ်တမ်းတခု ဖြစ်ပေမယ့် အန်စီအေ လက်မှတ်ထိုးထားပြီး ညီလာခံကို တက်ရောက်ဆွေးနွေးလာတဲ့ အဖွဲ့အချို့ကတော့ အားလုံး မပါဝင်နိုင်သေးတဲ့အတွက် ထွက်ပေါ်လာတဲ့ ဒုတိယအစည်းအဝေး ရလဒ်တွေကို လက်မှတ်မထိုးဘူးဆိုတဲ့ အချက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ရေး သတိထားသင့်ကြောင်း မီးမောင်းထိုးပြနေသလိုပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်သူတွေ ဘယ်လိုပဲ ပါဝင်နေပါစေ၊ တကယ်တော့ မငြိမ်းချမ်းခြင်းတွေကို ခံစားနေရတာကတော့ လက်နက်မဲ့ပြည်သူတွေပဲ ဖြစ်ပါတယ်။ မြတ်နိုးတန်ဖိုးထားရတဲ့ အမွေအနှစ်တွေ၊ ဒေသတွေ ယဉ်ကျေးမှုတွေကို ထားပစ်ခဲ့ရတာလည်း လက်နက်မဲ့ ပြည်သူတွေပါပဲ။ “အဘွားက ရွာမှာဆိုရင် လက်ဖက်လုပ်ငန်းပဲ လုပ်တယ်။ အခုတော့ အခြားမှာ နေရတော့ ကျန်တာ မလုပ်တတ်ဖြစ်တာလည်း ပါတယ်။ ဒုက္ခရောက်တယ်။ စားဝတ်နေရေး ခက်ခဲဖြစ်ရတယ်။ အဘွား အမျိုးသားဆိုရင် အခု အသက် ၆၁ ရောက်မှ တရုတ်ဘက်ကို အလုပ်ထွက်လုပ်ရတာ၊ အဘွား စိတ်မကောင်းဘူး” လို့လည်း ကျောက်မဲမြို့မှာ စစ်ကြောင့် ရှောင်ခွာနေထိုင်လာသူ ဒေါ်တင်အေး( အမည်လွှဲ) က ဆိုပါတယ်။ အမျိုးသားအတွက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်၊ ကိုယ့်ပြည်နယ် လွတ်လပ်ရေးအတွက်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လက်နက်တွေ ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေ အောက်မှာ ပြည်သူတွေဟာ အသံတိတ် ကျိတ်ငိုနေရသူတွေ အသံတွေပိတ် ရှောင်ပြေးနေရသူတွေပဲဆိုတာ အားလုံးမျက်မြင်ပဲ ဖြစ်ပါတယ်။ ဒါတွေကို လက်နက်ကိုင် အသီးသီးက မျက်ကွယ်ပြုတာလား။ ညီလာခံအပေါ် လတ်တလော အခြေအနေအရတော့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အန်စီအေအပေါ် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ကွဲလွဲတင်းမာမှုတွေ ရှိနေတာ တွေ့ရတယ်။ “တပ်မတော်ဟာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေထက် အင်အားရော လက်နက်ရော အားကြီးပြီးသား ဖြစ်တယ်။ သူတို့လာတိုက်မယ်ဆို ဘယ်အချိန် လာတိုက်တိုက် တိုက်လို့ရတယ်။ ဒါလောက် အင်အားရှိနေတာကို အားကြီးသူက လျှော့ပေးမယ် မရှိဘူး။ သူတို့ဘက်ကသာ တဖက်သတ် အပစ်ခတ်ရပ်တယ်လို့ ကြေညာလိုက်ပါ။ ကျနော်တို့အားလုံး လက်နက်တချက်မဖောက်ဘဲ ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ် တက်လာမှာပါ” လို့လည်း မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦးက ဆိုပါတယ်။ ငြိမ်းချမ်းရေးမှာ ဘယ်လိုလမ်းကြောင်းကပဲ ချီတက်နေပါစေ၊ ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲ၊ ညီလာခံ ဆိုတာတွေရဲ့ နောက်ကွယ်မှာတော့ ငိုရှိုက်သံတွေ၊ ဆင်းရဲဒုက္ခနဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ အများအပြား။ ဒီအသံတွေကို ခင်ဗျားတို့စကားဝိုင်းထဲ ရောက်အောင် ယူသွားဖို့ အထူးလိုအပ်နေပါတယ်။ “ဒီဆွေးနွေးပွဲတွေဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ နိုင်ငံသားတွေကို ပြန်ပြီး ပြောပြနိုင်ရမယ်။ ဆွေးနွေးပွဲမှာ ၂ ပိုင်းရှိတယ်။ ကိုယ်တိုင် ဆွေးနွေးမယ့်သူတွေရယ် အဲဒီ ဆွေးနွေးမှုရလဒ်တွေကို ခံစားရမယ့် သူတွေရယ်။ ရလဒ်ကို ခံစားရမယ့်သူတွေက ဆွေးနွေးပွဲမှာ ပါဝင်လို့မရတာ သန်းနဲ့ချီရှိတယ်။ အဲတော့ သူတို့ဆီမှာရော အမှန်တရားတွေ မရှိနိုင်ဘူးလား။ သူတို့ဆီမှာရော ဆန္ဒတွေ၊ ဘဝတွေ၊ အရေအတွက်တွေ မရှိဘူးလား။ အဲဒါတွေကို အဲဒီစားပွဲပေါ် ရောက်သွားအောင် ကျနော်တို့တွေ လုပ်ပေးရမယ်။ အဲဒါဘာလဲဆိုတော့ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ဒီနို့သောက်တဲ့အရွယ်ကစပြီး တုတ်ထောက်တဲ့ အရွယ်ထိ အားလုံးရဲ့ဘဝတွေ။ နောက်ပြီးတော့ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေ။ အဲဒီအသံတွေကို ကျနော်တို့က စားပွဲဝိုင်းပေါ်ရောက်အောင် ပို့ပေးနိုင်ရမယ်” လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ဆိုပါတယ်။ လက်ရှိမှာတော့ တဖက်က ငြိမ်းချမ်းရေးစကားဝိုင်းပေါ် အပြင်းအထန် ဆွေးနွေးနေပေမယ့် တဖက်မှာလည်း မငြိမ်းချမ်းနိုင်သေးတဲ့ ပြည်သူပေါင်းဟာ ကိန်းဂဏန်းပမာဏ ချမပြနိုင်အောင်ကို အများအပြား ရှိနေပါသေးတယ်။ အဲဒီအထဲကမှ စစ်ကြောင့် ဒဏ်ခံနေရတဲ့ ကလေးငယ်တွေအနေနဲ့လည်း ၂ ဒသမ ၅ သန်းထိ လိုအပ်ချက်ပေါင်းများစွာနဲ့ ရှိနေသေးတယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးညီလာခံ ၂ ကြိမ် အစည်းအဝေးလုပ်နိုင်ခဲ့သော်လည်း ယနေ့ထိ စစ်ကြောင့် ပညာသင်ကြားခွင့်၊ ကောင်းမွန်စွာ အသက်ရှင်ခွင့်တွေကို ပြည်သူတွေ အများအပြား ခြိမ်းခြောက်ခံနေကြရဆဲပါပဲ။ ဒီတော့ ခင်ဗျားတို့ လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို တောင်းဆိုချင်တာက စစ်ကြောင့်ဖြစ်တဲ့ဒဏ်ကို တကယ်ခံစားနေရတဲ့ ပြည်သူ့အသံတွေကို နှလုံးသားနဲ့ နားထောင်ပေးဖို့ ဆိုတာပါပဲ။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024