Home
မြန်မာသတင်း
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဆုံးခန်းမတိုင်သေးဟု ဆွီဒင်ပါလီမန်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
June 14, 2017
မြန်မာ့ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဟာ ဆုံးခန်းမတိုင်သေးဘူးလို့ ဆွီဒင်နိုင်ငံမှာ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဇွန် ၁၃ ရက် မနက်ပိုင်းက ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ ဆွီဒင်ပါလီမန်လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆွီဒင်လွှတ်တော်ကိုယ်စားလှယ်တွေကို မြန်မာပြည်ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စည်းလုံးညီညွတ်ရေးကို မရရှိနိုင်သေးသ၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတရပ် မထူထောင်နိုင်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကသာ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်ကို ဖြည့်စွမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဟာ ဆုံးခန်းမတိုင်သေးပါဘူး။ မလွယ်မှန်းသိပေမယ့် ဒါဟာ ပြည်သူတွေအတွက် မရှိမဖြစ် လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တရပ် ဖြစ်ပါတယ်။ မတူညီတဲ့ လူမျိုးစုတွေကြား စည်းလုံးညီညွတ်မှု ဖော်ဆောင်ရင်း ထိုခရီးလမ်းအပေါ် ဆက်လျှောက်နေဆဲဖြစ်တယ်” လို့ ပြောပါတယ်။ အစိုးရတာဝန်ယူပြီးနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေရင်းနဲ့ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ဆောင်ရွက်နေတယ်၊ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့အပြင် လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှုပ်ထွေးပြီး စိန်ခေါ်မှုများစွာနဲ့ ပြည့်နှက်နေတယ်၊ အမြစ်တွယ်ခဲ့ပြီဖြစ်တဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အပြန်အလှန် ယုံကြည်မှုနဲ့ လေးစားမှုကို မဖြစ်မနေ တည်ဆောက်ရမယ်၊ ပြည်သူတွေအားလုံး လုံခြုံလွတ်လပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးနိုင်မယ့် တည်ငြိမ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ရည်မှန်းထားတယ်လို့လည်း ပြောပါတယ်။ ဆယ်စုနှစ်ကြာ ပဋိပက္ခကို အဆုံးသတ်ရာမှာ အခက်အခဲများစွာရှိမှာကို အသိအမှတ်ပြုရမှာဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပြည်သူတွေ စည်းလုံးညီညွတ်ရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်ရဲ့ သဘောသဘာဝက ဘက်စုံထောင့်စုံ ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်တယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဒုက္ခသုက္ခတွေ ပြည့်နေတဲ့ နိုင်ငံတနိုင်ငံရဲ့အရေး ဖော်ဆောင်ရာမှာ သတိကြီးစွာဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် လုံလောက်တဲ့ အချိန်နဲ့နေရာ လိုအပ်တာမို့ အမြန်ဆုံးလမ်းကို တွေ့ရှိချင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆွီဒင်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန်အာလင်းက ဆွီဒင်ပါလီမန်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး ဖော်ဆောင်ခြင်းဟာ စိန်ခေါ်မှုများထဲက တခုဖြစ်ပါတယ်။ သည်းခံမှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကသာ အာမခံချက်ပေးနိုင်တဲ့၊ အခွင့်အရေးများ အပြည့်အဝ ကာကွယ်ဖို့နဲ့ ယင်းဒေသအတွင်း တင်းမာမှုများ လျော့ကျစေမယ့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မလွဲမသွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းပြောကြားတဲ့ အခမ်းအနားကို ဆွီဒင်နိုင်ငံ ပါလီမန်အမတ်တွေ၊ နိုင်ငံခြားသံရုံးတွေက သံတမန်တွေနဲ့ မြန်မာအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ အပါအဝင် စုစုပေါင်း ၂၀၀ ဦးလောက် တက်ရောက်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ စတော့ဟုမ်းမြို့ရှိ နိုဘယ်လ်ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာပြီး ၁၉၉၁ ခုနှစ်က နိုဘယ်လ်ရရှိခဲ့ကြောင်း အသိအမှတ်ပြု မှတ်တမ်းစာအုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024