Home
မြန်မာသတင်း
ကျောင်းများတွင် ဒီမိုကရေစီသင်ကြားရန် အစိုးရကို တိုက်တွန်းသည့်အဆို မအောင်မြင်
နေဖြိုးဝင်း
·
June 12, 2017
မျိုးဆက်ပွားကျန်းမာရေး၊ ပြည်သူ့နီတိနဲ့ ဒီမိုကရေစီတို့ကို ကျင့်သုံးနိုင်အောင်  စာသင်ကျောင်းတွေမှာ မိတ်ဆက်သင်ကြားပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုနိုင်ခြင်းမရှိဘဲ မှတ်တမ်း တင်ဖို့သာ ဆုံးဖြတ်လိုက်ပါတယ်။ ပဲခူးတိုင်းအမတ် ဒေါက်တာဒေါ်တင်တင်ဝင်းရဲ့ ထောင်စုနှစ်ရည်မှန်းချက် ၁၇ ချက်မှာ စတုတ္ထအချက်ဖြစ်တဲ့ Quality Education အတွက် မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်၊ အထက်တန်းနဲ့ အလယ်တန်းကျောင်းတွေ သင်ရိုးညွန်းတမ်းရဲ့ အထွေထွေဘာ သာရပ်အခန်းမှာ မျိုးဆက်ပွားကျန်းမာရေး၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်တွေအဖြစ် မိတ်ဆက် သင်ကြားပေးရုံမက လက်ခံကျင့်သုံးဖို့ စီမံဆောင်ရွက်ပေးစေလိုကြောင်း အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာနဲ့ပါတ်သက်ပြီး  ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက မှတ်တမ်းပဲ တင်သင့်တယ်လို့ပြောသွားတာပါ။ “ဒီအဆိုနဲ့ပတ်သက်ပြီး ၂၀၀၀-၂၀၀၁ ခုနှစ်ကတည်းက စတင်ဆောင်ရွက်နေသလို လက်ရှိမှာလည်း ဆောင်ရွက်နေပါတယ်။ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအရလည်း အသစ်ရေးဆွဲပြဋ္ဌာန်းမယ့် အခြေခံပညာအဆင့် သင်ရိုးညွန်းတမ်း အညွန်းပုံတွေမှာလည်း ထည့်သွင်းသတ်မှတ်ဆောင်ရွက်နေတဲ့ ကိစ္စဖြစ်တဲ့အတွက် မှတ်တမ်းအဖြစ်ပဲ ထားသင့်ပါတယ်။” ဒါနဲ့ပတ်သက်ပြီး အဆိုရှင်ရဲ့ သဘောထားကို မေးမြန်းတာမှာ ဒေါက်တာဒေါ်တင်တင်ဝင်းက “ကျမအနေနဲ့ အဆိုကို မှတ်တမ်းမတင်စေလိုပါဘူး။ ဒါပေမယ့် ကျမဟာ ဒီမိုကရေစီကို လက်ခံကျင့်သုံးနေတဲ့အတွက် ဒီမိုကရေစီမှာ သဘောတူတာ၊ မတူတာရှိပါတယ်။ လက်မခံချင်ပေမယ့် အကြောင်းကြောင်းကြောင့် လက်ခံရမယ်၊ မှတ်တမ်းပဲ တင်ရမယ်ဆိုရင်လည်း သဘောအတိုင်းပါပဲ။ ကျမအနေနဲ့ ကျင့်သုံးချင်ပါတယ်။ အကြောင်းကြောင်းကြောင့် ကျမကို မှတ်တမ်းတင်ခိုင်းပါတယ်။ အဲဒါကြောင့် ကျန်မ မှတ်တမ်းရပါမယ်။ မှတ်တမ်းပဲ တင်ပါတော့” လို့ ဆိုပါတယ်။ အခုလို မှတ်တမ်းတင်ခိုင်းတယ်လို့ အဆိုရှင်က ပြောတဲ့အတွက် အမျိုးသားလွှတ်တော်က အဆိုကို မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024