ဖုန်းသုံး လမ်းလျှောက်လာသည့် အမျိုးသမီး မြေအောက်တံခါးပွင့်တာ မမြင်ဘဲ ခေါင်းစိုက်ပြုတ်ကျ (ရုပ်သံ)

1.2K
ဇွန်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်
အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်၊ ပလိန်းဖီးလ်ဒ်မြို့က လမ်းပေါ်မှာ လမ်းလျှောက်လာတဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးဟာ ၆ ပေ နက်တဲ့ မြေအောက်ခန်းထဲ ပြုတ်ကျသွားတဲ့ ရုပ်သံထွက်ပေါ်နေပြီး လူမှုကွန်ရက်မှာ ဒီရုပ်သံ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။
ဇွန်လ ၈ ရက်နေ့ နေ့လယ်မှာ အမျိုးသမီးကြီးက မြေအောက်ခန်းတံခါး ပွင့်နေတာကို သတိမထားမိဘဲ လမ်းလျှောက်ရင်း ဖုန်းစစ်လိုက်လို့ ၆ ပေနက်တဲ့ မြေအောက်ခန်းထဲ ခေါင်းကနေ ပြုတ်ကျသွားတယ်လို့ ဆိုပါတယ်။
သူမရဲ့ သားဖြစ်သူကတော့ သူမက ဖုန်းမှာ အချိန်စစ်လိုက်တာလို့ ပြောပါတယ်။
သူ ဒီလို ဆိုးဆိုးရွားရွား ပြုတ်ကျသွားတာကို အနီးမှာရှိတဲ့ ကုမ္ပဏီတခုရဲ့ စောင့်ကြည့်ကင်မရာကနေ ရိုက်ကူးမိပြီး ရုပ်သံထဲမှာ လမ်းသွားလမ်းလာတွေ အထိတ်တလန့် ဖြစ်သွားတာလည်း တွေ့ရပါတယ်။
အဲဒီနောက် သူမကို မြေအောက်ခန်းထဲကနေ ထမ်းစင်နဲ့ မီးသတ်သမားတွေက သယ်လာပြီး ဆေးရုံပို့လိုက်တယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ အပြင်းအထန် ရရှိတဲ့ ဒဏ်ရာတွေကို ကုသခံခဲ့ရပြီး ခုတော့ အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။
သူမဟာ ဆီးချိုရောဂါသည် ဖြစ်ပြီး မျက်စိလည်းကောင်းကောင်း မမြင်ရဘူး။ သူမ နေသိပ်မကောင်းလို့ ဖုန်းမှာ အချိန်ကြည့်တာလို့ သားဖြစ်သူက CBS New York သတင်းဌာနကို ပြောပါတယ်။
“ကျနော် ရုပ်သံကို ဦးဆုံးမြင်လိုက်တော့ နှလုံးတောင် ပြုတ်ကျမတတ်ပဲ ကြည့်ရတာ အတော်ရင်နာပါတယ်ဗျာ” လို့ သားဖြစ်သူက ပြောပါတယ်။
“အမေက ပုံမှန် သူ့ရဲ့ သကြားဓာတ်ပမာဏ စစ်ရတယ်။ အချိန်နဲ့ အစာ စားရတယ်။ ကျနော့်ကို အမေ ပြောပြသလောက်တော့ လမ်းလျှောက်လာရင်းနဲ့ နေမကောင်းဖြစ်လာလို့ ဖုန်းမှာ ဘယ်အချိန်လည်း ကြည့်လိုက်တာ” လို့ ပြောတယ်။
“အမေ တော်တော်နာသွားမှာပဲ အသက်တော့ ရှင်လို့ တော်ပါသေးတယ်” လို့ သူက ပြောပါတယ်။
ဒေသတွင်းမှာ ဂက်စ်လိုင်းတွေ ပြင်ဆင်နေလို့ မြေအောက်ခန်းတံခါး ပွင့်နေတာဖြစ်ပြီး အမျိုးသမီးကြီး ပြုတ်ကျလာလို့ အလုပ်သမားက အံ့သြနေကြတာလည်း တွေ့ရပါတယ်။
ဒေသခံရဲစခန်းက ပြောရေးဆိုခွင့်ရှိသူ တဦးက အမျိုးသမီးကြီးနဲ့ပတ်သက်ပြီး သူမ အမည်အပါအဝင် ဘာသတင်းမှ ထပ်မရဘူးလို့ The Washinton Post သတင်းဌာနကို ပြောလိုက်ပြီး “အခြေအနေကောင်းနေပြီး ဖြစ်ကြောင်း” ပြောတယ်လို့ မေရာသတင်းမှာ ဇွန်လ ၁၀ ရက်နေ့က ရေးထားပါတယ်။