Home
မြန်မာသတင်း
ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး မုံရွာ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်
Aung Ko Latt
·
June 10, 2017
သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက် အသုံးပြုနေသူတွေကို ခြိမ်းခြောက်နေတဲ့ ဆက်သွယ်ရေးဥပဒေတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးဖို့ မုံရွာအခြေစိုက် သတင်းထောက်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး မုံရွာ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့က ဇွန်လ ၉ ရက်နေ့က အချက် ၃ ချက်ပါ ကြေညာချက်တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီပူးပေါင်းလှုပ်ရှားမှုအဖွဲ့ကို ဇွန်လ ၇ ရက်နေ့က မုံရွာအခြေစိုက် မုံရွာဂေဇက်ဂျာနယ်ရုံးမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အချက် ၃ ချက်ထဲမှာ ဆက်သွယ်ရေးဥပဒေပါ ၆၆(ဃ) အပါအဝင် ပုဒ်မအချို့က ဒီမိုကရေစီအနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ဟန့်တားနေတယ်၊ ခြိမ်းခြောက်နေတယ်လို့ ယူဆနေကြောင်း၊ ၆၆(ဃ) ကို နှိပ်ကွပ်တဲ့ လက်နက်လို အသုံးချပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်မှုကို ဟန့်တားနေတဲ့သဘော သက်ရောက်နေကြောင်း၊ ဒီမိုကရေစီနိုင်ငံကို လျှောက်လှမ်းနေရာမှာ လူ့အခွင့်အရေးနဲ့ဂုဏ်သိက္ခာကို အလေးထားပြီး ၆၆(ဃ)နဲ့ တရားစွဲဆိုခံရပါက အာမခံရရှိသင့်ကြောင်းတို့ကို ရေးသားဖော်ပြထားပါတယ်။ “ပထမ ကနဦးအနေနဲ့ ဒီကြေညာချက်ကို ထုတ်လိုက်တယ်။ နောက်ထပ်လည်း အဖွဲ့နဲ့တိုင်ပင်ပြီး အဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဒီဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ လက်ပတ်ဖြူ လှုပ်ရှားမှုတွေ၊ စတေကာကမ်ပိန်းတွေ၊ အသိပညာပေး ဟောပြောပွဲတွေ လိုအပ်သလို လုပ်သွားဖို့ရှိတယ်။ ဆန္ဒပြတာတွေပါ လိုအပ်သလို လုပ်ဆောင်သွားဖို့ရှိတယ်"လို့ ပူးပေါင်းအဖွဲ့မှာ ပါဝင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ အခြေအနေက ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် ယခု အစိုးရလက်ထက်မှာ ပိုမိုများပြားလာနေတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024