ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမည်ဟု ဦးရွှေမန်း ကတိပေး
DVB
·
February 13, 2012
လာမယ့်ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတကာကို ကတိပြု ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အီးယူ ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေးကော်မရှင် အကြီးအကဲ Andris Piebalgs (အန်ဒရစ်ပီ ယာဘဂ်)နဲ့ နေပြည်တော်မှာ တွေ့ဆုံ ပြောကြားလိုက်တာလို့ အီးယူ အင်တာနက် ဝက်ဆိုက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
သူရဦးရွှေမန်းက “ကျနော်တို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ထားပါတယ်။ ဒါ့ကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး အများယုံကြည် လက်ခံနိုင်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
အီးယူ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာ အန်ဒရစ်ပီယာဘဂ်ဟာ “သမ္မတဦးသိန်းစိန်နဲ့လည်း တံခါးပိတ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ အားတက်စရာ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ မျက်စိဖွင့်ပြီး ဆက်ကြည့်နေရပါတယ်။ ခုဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သဘောမတူညီမှုတွေ ရှိနေနိုင်ရင်တောင် ပြုပြင်ပြောင်းလဲမှုတွေဟာ အမှန်တကယ် ဖြစ်နေတယ်ဆိုတာ ဘယ်သူမှာ သံသယ မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အီးယူ ဥရောပသမဂ္ဂအဖွဲ့မှာ ဂျာမနီ ဖွံ့ဖြိုးရေးဝန်ကြီး Dirk Niebel လည်း လိုက်ပါသွားပြီး ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
မြန်မာခေါင်းဆောင်တွေကို ဗီဇာပိတ်ပင်ထားမှု အီးယူက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စတင် ပယ်ဖျက်ပေးလိုက်ပြီး အမေရိကန် ဒေါ်လာသန်း ၂ဝဝလောက်နဲ့ ညီမျှတဲ့ ယူရိုငွေ သန်း ၁၅ဝလောက် လာမယ့် ၂ နှစ်အတွင်း ကူညီမယ်လို့ ကတိပြုထားပါတယ်။
ဂျာမနီဖွံ့ဖြိုးရေးဝန်ကြီးကတော့ ရွေးကောက်ပွဲ လွတ်လပ်မျှတပြီး ဒီမိုကရေစီနည်းကျမယ်ဆိုရင် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်းဖို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။