အန်စီအေစာချုပ်ကိစ္စ ငြိမ်းချမ်းရေးကော်မရှင်နှင့် ဒီပီအန်တို့ တွေ့ဆုံဆွေးနွေးမည်
နော်နိုရင်း
·
June 9, 2017
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ရယ်ကောင်စီ (ယူအန်အက်ဖ်စီ)က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ် (ဒီပီအန်) တို့ ဇွန် ၁၀ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အန်စီအေ လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းဖို့ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
“အဓိကကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျနော်တို့ ဆောင်ရွက်နေတယ်။ အဲဒီတော့ အန်စီအေ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကို အန်စီအေ လက်မှတ်ရေးထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါလာဖို့ အဓိကတော့ ဒါကို ကြိုးစားပြီး ဆောင်ရွက်နေတာပါပဲ။ အဲဒီတော့ အန်စီအေလက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ဖို့အတွက် လိုအပ်တဲ့ ညှိနှိုင်းမှုတွေကိုတော့ ကြိုတင်ပြီးတော့ ဆောင်ရွက်တာပေါ့။ ”
ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးကော်မရှင်က ဦးအောင်စိုး၊ အကြံပေးအဖွဲ့က ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦးနဲ့ နည်းပညာအထောက်အကူပြုအဖွဲ့က ဦးကျော်မင်းဦးတို့ သွားရောက်ဆွေးနွေးမှာ ဖြစ်ပြီး ဒီကနေ့ ရန်ကုန်ကနေ ထွက်ခွာဖို့ရှိပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို တန်းတူရည်တူ ဆွေးနွေးဆုံးဖြတ်ခွင့် မရှိဘူးဆိုပြီး ယူအန်အက်ဖ်စီအဖွဲ့က ညီလာခံ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ယူအန်အက်ဖ်စီအနေနဲ့ ပင်လုံမူ၊ ပင်စိတ်ဓာတ်၊ ပင်လုံကတိကဝတ်တွေနဲ့အညီ အမျိုးသားရေး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားပြည်နယ်များကို အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ယူအန်အက်ဖ်စီအနေနဲ့ ကြိုဆိုထောက်ခံ ဝန်းရံသွားမယ်လို့ ကြေညာခဲ့ပါတယ်။