A d v e r t i s e m e n t With Us

ဆိုဗီယက်ခေတ် လူမျိုးအခြေပြုဖက်ဒရယ်နှင့် ပြိုကွဲမှုအန္တရာယ်

ဖက်ဒရယ်ဆိုသော ဝေါဟာရကို မြန်မာ့နိုင်ငံရေးတွင် တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့သည်မှာ ၁၉၆၀-၆၁ ပတ်ဝန်းကျင်လောက်က ဖြစ်မည်ထင်ပါသည်။ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်တွင် ပထမအကြိမ် ဖက်ဒရယ်မူဆွေးနွေးပွဲကြီးကို စတင်ခဲ့ပြီး မတ်လ ၁ ရက်နေ့တွင် ဒုတိယအကြိမ် ဆွေးနွေးပွဲကို အဆိုပါအသံလွှင့်ရုံမှာပင် ဆက်လက်ဆွေးနွေးခဲ့သည်။ ရည်ရွယ်ချက်မှာ ထိုစဉ်က တည်ဆဲ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြန်လည် အသစ်ရေးဆွဲရေး ဖြစ်ပါသည်။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသော အဆိုပါ အခြေခံဥပဒေ ပုဒ်မ ၂၀၁ နှင့် ၂၀၂ တို့တွင် ပြည်နယ်များသည် အခြေခံဥပဒေအာဏာ သက်ရောက်ပြီး ၁၀ နှစ်နောက်ပိုင်းတွင် ခွဲထွက်လိုက ခွဲထွက်ခွင့်ပြုထားသည်။ သို့သော်လည်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းလိုက်သည့်အတွက် ဖက်ဒရယ်မူ ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ပါတော့သည်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေလည်း တပါတည်း ချုပ်ငြိမ်းသွားလေသည်။ ထို့နောက်ပိုင်းတွင်ကား ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကာ ပြောဆိုဆွေးနွေးခွင့်များ ပိတ်ပင်တားမြစ်သည့် ခေတ်ကြီးကို ဖြတ်သန်းခဲ့ကြရသဖြင့် ဖက်ဒရယ်အကြောင်း ထဲထဲဝင်ဝင် ပြောဆိုဆွေးနွေး သိမြင်ခွင့် မရခဲ့ကြတော့ချေ။ သို့ဖြစ်လေရာ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဆိုသည့် ဝေါဟာရနှင့် ဖက်ဒရယ်အကြောင်း လေ့လာပြောဆိုမှုများမှာ ထိုစဉ်မှစ၍ သေဆုံးသွားခဲ့သည်ဟု ဆိုနိုင်သည်။ နှစ်ပေါင်း ၅၀ ကျော်ကြာ သေဆုံးသွားခဲ့သော ဖက်ဒရယ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့်အတူ ယခုအခါ ပြန်လည်ရှင်သန်ခွင့်ရခဲ့ပြန်ပါပြီ။ သို့သော် သေရွာမှ ပြန်လာသူကဲ့သို့ ပစ္စုပ္ပန်ကို ကောင်းစွာသိမှတ်နိုင်ခြင်း မရှိသေးဘဲ ကမူးရှူးထိုး ဖြစ်နေပုံရလေသည်။ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် ဖက်ဒရယ် အခြေခံဥပဒေဆိုင်ရာ အခြေခံမူများအကြောင်းကို ကျယ်ကျယ်လောင်လောင် ပြောဆို ဆွေးနွေးခွင့် ရလာကြပြန်ပါသည်။ ဤသည်မှာ ကောင်းသောကိစ္စဖြစ်ပြီး ဖက်ဒရယ် ဆွေးနွေးပွဲနှစ်ခု၏ အဓိကခြားနားချက်မှာ ၁၉၆၁ ခုနှစ် ဖက်ဒရယ်ဆွေးနွေးပွဲ ပြုလုပ်စဉ်က တပ်မတော်သား ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်းမရှိသဖြင့် မတက်ရောက်နိုင်ခဲ့ကြခြင်းနှင့် ယခု ၂၁ ရာစု ပင်လုံညီလာခံတွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခွင့်ရသည့်အပြင် တည်ဆဲ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင် သို့မဟုတ် အသစ်ရေးဆွဲရေးမှာ တပ်မတော်၏ သဘောတူညီချက် မရလျှင် မဖြစ်သည့် အနေအထားအောက်တွင် ကျင်းပရခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ယခုကျင်းပနေသော ဆွေးနွေးပွဲကြောင့်တော့ တပ်မတော်က နိုင်ငံတော်အာဏာ ပြန်သိမ်းမည်ကို စိုးရိမ်ရန် အနေအထားတော့ မရှိပါချေ။ အန်အယ်လ်ဒီအစိုးရ၏ ဒီမိုကရေစီဖက်ဒရယ် အန်အယ်လ်ဒီအစိုးရ တက်လာပြီးနောက် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည်၊ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ချီတက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ကြေညာလိုက်သောအခါ ပင်လုံညီလာခံလို့ နာမည်တပ်ရင် ခွဲထွက်ခွင့်ပါ ပေးရမည် ဆိုသော အသံများ ဆူညံလာခဲ့သည်။ ထင်မှတ်ထားသည့်အတိုင်းပင် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ စတင်ကျင်းပသောအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီအချို့ကပါ တိုင်းရင်းသားလူမျိုးများအလိုက် ကိုယ်စားပြုသည့်  ပြည်နယ်ကိုယ်စီဖွဲ့၍ အားလုံးတန်းတူရေး အခြေခံမူဖြင့် ပူးပေါင်းတည်ဆောက်ကြမည့် ဆိုဗီယက်ခေတ်ပုံစံ ဖက်ဒရယ်စနစ် (Ethnofederalism) ကို တင်ပြလာကြသည်များ ရှိခဲ့သည်။ အကြောင်းမှာ ဖက်ဒရယ်ဝိညာဉ် သေဆုံးသွားသော ၁၉၆၂ ခုနှစ်တဝိုက်က မြန်မာနိုင်ငံရေးသမားတို့ အာရုံထားကြသည်မှာ ဆိုဗီယက်၏ လူမျိုးတိုင်း တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိရေး အခြေခံမူအောက်တွင် စိတ်တူကိုယ်တူ ပူးပေါင်းကာ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည့် ဖက်ဒရယ်ပုံစံ ဖြစ်သည်။ ၁၉၆၂ ခုနှစ်တဝိုက်က ဖက်ဒရယ်အရေး ဆွေးနွေးခဲ့သည့် ပုဂ္ဂိုလ်များမှာ ဒီမိုကရေစီကျင့်သုံးသော အမေရိကန် ဖက်ဒရယ်၊ ဂျာမနီ ဖက်ဒရယ်၊ ကနေဒါ ဖက်ဒရယ် စသည်တို့အပေါ် အာရုံမရောက်ချေ။ အကြောင်းမှာ အဆိုပါနိုင်ငံများ၏ ဖက်ဒရယ်စနစ်သည် လူမျိုးကို အခြေမပြုသည့်ပြင် ခွဲထွက်ခွင့်လည်း မပါဝင်သည့်အတွက် ဖြစ်ပုံရလေသည်။ ယခု ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ၆ ရက် ကျင်းပသောအခါတွင် “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ” ဆိုသော ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ကြရသဖြင့် အဆိုပါအချက်နှင့် ဆက်စပ်ပတ်သက်နေသည့် အခြားအချက် ၇ ချက်ကိုပါ အတည်မပြုနိုင်သေးဘဲ နောက်ပိုင်းမှ ဆွေးနွေးရန် ချန်ထားခဲ့ကြရသည်။ သို့ဖြစ်၍ ဆိုဗီယက်ခေတ် ဖက်ဒရယ်စနစ် - လူမျိုးအခြေပြု တန်းတူညီမျှသည့် သမ္မတနိုင်ငံများဖြင့် ဖွဲ့စည်းသော (Ethnofederalism) နှင့် (Right to secession) ခေါ် ခွဲထွက်ခွင့် အဆက်အစပ်ကို လေ့လာကြည့်မိသည်။ ဆိုဗီယက်ယူနီယံ၏ ဆိုရှယ်လစ် ဖက်ဒရယ်စနစ် ၁၉၁၇ ခုနှစ်တွင် မဟာအောက်တိုဘာတော်လှန်ရေးဖြင့် ဇာဘုရင်ကို ဖြုတ်ချခဲ့သော ဆိုဗီယက်ကွန်မြူနစ်ပါတီသည် ၁၉၂၂ ခုနှစ်တွင် ဆိုဗီယက်ယူနီယံကို တည်ထောင်လိုက်သည်။ ဆိုဗီယက်ယူနီယံသည် ဇာဘုရင်၏ ပဒေသရာဇ်အင်ပါယာကို ဆက်ခံပြီး စတုရန်းမိုင် ၈ ဒသမ ၆ သန်း (စတုရန်းကီလိုမီတာ ၂၂ ဒသမ ၄ သန်း) ကျယ်ဝန်းသည့် ကမ္ဘာ့အကြီးမားဆုံးသော တိုင်းပြည် ဖြစ်ခဲ့သည်။ ဆိုဗီယက်ယူနီယံကို သမ္မတနိုင်ငံ ၁၅ ခုဖြင့် ဖွဲ့စည်းထားပြီး  ပါဝင်ဖွဲ့စည်းထားသော နိုင်ငံများသည် တန်းတူညီမျှမှု ရှိသည်။ ဆိုရှယ်လစ် ဖက်ဒရယ်စနစ် အခြေခံမူအရ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် လူမျိုးပေါင်းစုံ ပါဝင်ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖက်ဒရယ်စနစ် ကျင့်သုံးသည့် ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံများ၏ ပြည်ထောင်စုနိုင်ငံ ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားလေသည်။ စတင်ဖွဲ့စည်းသည့်စာချုပ် (The treaty of the creation of USSR - 1922) ပုဒ်မ ၂၆ တွင် ခွဲထွက်ခွင့်ရှိသည်ဟု အတိအလင်း ဖော်ပြထားသည်။ တဖန် ၁၉၇၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော အခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ [၇၂] တွင်လည်း ခွဲထွက်ခွင့်ကို အသိအမှတ်ပြုထားလေသည်။ တည်ထောင်ပြီးသည်မှ ၁၉၈၅ ခုနှစ်များအထိ ပါတီစုံဒီမိုကရေစီစနစ်နှင့် လွတ်လပ်သည့် ရွေးကောက်ပွဲများကို ခွင့်ပြုခဲ့ခြင်း မရှိသဖြင့် အမျိုးသားရေး လှုပ်ရှားမှုများနှင့် ခွဲထွက်ရေးလှုပ်ရှားမှုများ ကြီးကြီးမားမား မပေါ်ခဲ့ချေ။ သို့သော်လည်း ၁၉၈၅ ခုနှစ် မီခေးဂိုဘာချော့ဗ် အာဏာရလာပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအစီအစဉ် ပဲရယ်စတွိုက်ကာနှင့် ပွင့်လင်းမြင်သာရေး ပေါ်လစီ ဂလပ်စ်နော့တို့ကို ကျင့်သုံးခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဆိုဗီယက် ယူနီယံကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးက နိုင်ငံရေးအာဏာကို ကွန်မြူနစ်ပါတီက လက်ဝါးကြီးအုပ်ထားမှုကို စွန့်လွှတ်ခဲ့ပြီး လွတ်လပ်သော ရွေးကောက်ပွဲများကို ခွင့်ပြုခဲ့သည်။ ထိုနှစ်ထဲတွင်ပင် ဆိုဗီယက်ယူနီယံ တဝန်းလုံးရှိ သမ္မတနိုင်ငံ ၁၅ ခုတွင် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ လစ်သူရေးနီးယား၊ အက်စ်တိုးနီးယားနှင့် လတ်ဗီးယားတို့ အပါအဝင် သမ္မတနိုင်ငံ ၆ ခုတွင် ကွန်မြူနစ်ပါတီက ရှုံးနိမ့်ခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရလာသည့် လစ်သူရေးနီးယန်း ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအဖွဲ့ (ဆာယူဒစ်-Sajudis) ၏ ခေါင်းဆောင် ဗီတောတပ်စ်လင်န်ဗားဂျစ်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြပြီးနောက် လွှတ်တော်က ၁၉၉၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် လွတ်လပ်ရေး ကြေညာလေသည်။ သူ့နောက်တွင် အခြားသော ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံများ ဖြစ်သည့် အက်စ်တိုးနီးယားက မတ်လ ၃၀ ရက်နေ့တွင် လည်းကောင်း၊ လတ်ဗီးယားက မေလ ၄ ရက်နေ့တွင် လည်းကောင်း အသီးသီး လွတ်လပ်ရေး ကြေညာခဲ့ကြသည်။ အဆိုပါ ၃ နိုင်ငံမှာ ဆိုဗီယက်ယူနီယံ စတင်ဖွဲ့စည်းစ ၁၉၂၂ ခုနှစ်က ပါဝင်ခဲ့ကြသောနိုင်ငံများ မဟုတ်ကြဘဲ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်က ဆိုဗီယက်ယူနီယံက တိုက်ခိုက် သိမ်းပိုက်ခဲ့သော နိုင်ငံများ ဖြစ်ကြသောကြောင့် ခွဲထွက်သည်ဟု မကြေညာဘဲ လွတ်လပ်ပြီဟု ကြေညာခဲ့ခြင်း ဖြစ်လေသည်။ ၁၉၉၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်း၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသော ဘောရစ်ယဲ့ဆင်က အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ကြောင်း ကြေညာခဲ့လေသည်။ ပြိုကွဲမှုကို မတားဆီးနိုင်ကြပြီ ၁၉၉၁ ခုနှစ် သြဂုတ်လအတွင်း ဂိုဘာချော့ဗ်၏ ပေါ်လစီများကြောင့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားမည်ကို မလိုလားသော ဆိုဗီယက်ပြည်ထောင်စု၏ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် ကေဂျီဘီ ထောက်လှမ်းရေး အကြီးအကဲတို့ ခေါင်းဆောင်ကာ ဂိုဘာချော့ဗ်ထံမှ အာဏာသိမ်းယူရန် ကြိုးစားကြသော်လည်း ပြည်သူလူထုနှင့် တပ်နီတော်က မထောက်ခံသဖြင့် မအောင်မြင်ဘဲ ရှုံးနိမ့်သွားလေသည်။ ၁၉၉၁ ခုနှစ် သြဂုတ်လနှင့် ဒီဇင်ဘာလအတွင်း ဆိုဗီယက်သမ္မတနိုင်ငံ ၁၀ နိုင်ငံက ခွဲထွက်ကြောင်း ကြေညာခဲ့ကြပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် နောက်ဆုံးကျန်နေသော ယူကရိန်းက ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ မဲပေးသူ ၉၀ ရာခိုင်နှုန်းက ဆိုဗီယက်ယူနီယံမှ ခွဲထွက်ရန် မဲပေးခဲ့ကြလေသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းလွှတ်တော်က ၁၉၂၂ ခုနှစ် ပြည်ထောင်စုစာချုပ် ပျက်ပြယ်ကြောင်း ကြေညာလိုက်ပြီး ဆိုဗီယက်ပြည်ထောင်စု လွှတ်တော်သို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်း၏ လွှတ်တော်ကိုယ်စားလှယ် အားလုံးကိုလည်း တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုက်လေသည်။ သမ္မတနိုင်ငံပေါင်း ၁၅ ခု စုပေါင်း၍ ပြည်ထောင်စုအဖြစ် ဖွဲ့တည်ထားသည့် နိုင်ငံတခုတွင် အကြီးဆုံးသော ရုရှားဆိုဗီယက် ဆိုရှယ်လစ်ဖက်ဒရေးရှင်းက ခွဲထွက်လိုက်သည့် အချိန်ကတည်းက ပြိုကွဲတော့မည် ဆိုသည်ကို ခန့်မှန်းနိုင်ပါပြီ။ ပြည်ထောင်စု၏ သမ္မတကြီးဖြစ်သော ဂိုဘာချော့ဖ်၏အာဏာမှာ မော်စကိုမြို့တော်၏ အပြင်ဘက်နားသို့ပင် သက်ရောက်မှု မရှိတော့ချေ။ သို့ဖြစ်၍ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဆိုဗီယက်သမ္မတ ဂိုဘာချော့ဗ်သည် သမ္မတရာထူးကို စွန့်လွှတ်လိုက်ပြီး အာဏာအားလုံးကို ရုရှားဖက်ဒရေးရှင်းသမ္မတ ဘောရစ်ယဲ့ဆင်အား လွှဲအပ်လိုက်ကြောင်း ကြေညာခဲ့လေသည်။ ဘာကြောင့် ပြိုကွဲ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက် စီးပွားရေး အဆက်အသွယ်များ ပြတ်တောက်သွားကြပြီး ပြင်းထန်ဆိုးရွားသော စီးပွားရေးအကျပ်အတည်း ဆိုက်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်း နိုင်ငံများသာမက အရှေ့ဥပရောပ ဆိုရှယ်လစ်နိုင်ငံဟောင်းများတွင်ပါ လူနေမှုအဆင့်အတန်း နိမ့်ကျလျက် ကြီးမားသော ကပ်ဘေးသင့်ခဲ့ကြသည်။ ဆင်းရဲကျပ်တည်းခြင်းမှာ ၁၉၃၀ ပြည့်နှစ်များက ဖြစ်ပွားသော မဟာစီးပွားပျက်ကပ်ကြီးထက် ပိုမိုဆိုးရွားသည်။ ဆင်းရဲခြင်း၊ စီးပွားရေးအရ မညီမမျှ ဖြစ်ခြင်းတို့မှာ ၁၉၈၈-၈၉ မှ ၁၉၉၃-၉၅ တို့အကြားတွင် ပိုမိုပြင်းထန်သည်။  ၁၉၉၈ ခုနှစ် ရုရှားစီးပွားရေးကပ်ဘေး မကျမီကပင်လျှင် ရုရှား၏ ဂျီဒီပီမှာ ၁၉၉၁ ခုနှစ် ပြည်ထောင်စုမပြိုကွဲမီ အရင်နှစ်များ၏ ထက်ဝက်သာ ရှိတော့သည်။ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော လူထုစစ်တမ်း ကောက်ယူမှုတခုတွင် ရုရှားနိုင်ငံသား ၅၇ ရာခိုင်နှုန်းက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားမှုကို ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပြီး ၃၀ ရာခိုင်နှုန်းက ဝမ်းနည်းမှုမရှိကြောင်း ဖော်ပြခဲ့သည်။ ရုရှား သက်ကြီးရွယ်အိုများက လူငယ်များထက် ပို၍တမ်းတကြသည်။ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းတွင် ပြုလုပ်သော လူထုစစ်တမ်း ကောက်ယူမှုတခုတွင် ၅၀ ရာခိုင်နှုန်းက ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုကို ဝမ်းနည်းသည်ဟု တုံ့ပြန်ကြသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားမှုတွင် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အားပြိုင်မှု စသည့် အကြောင်းအချက်ပေါင်းများစွာ ရှိသော်လည်း ရုရှားဖက်ဒရေးရှင်း၏ လက်ရှိသမ္မတ ပူတင်၏ မှတ်ချက်စကားမှာ စိတ်ဝင်စားဖွယ် ကောင်းသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုရာတွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုမှာ လီနင်၏ သမ္မတနိုင်ငံများ ခွဲထွက်ခွင့်ရှိသည် ဆိုသည့် သဘောထားကြောင့် ဖြစ်ကြောင်း ပြစ်တင်ပြောကြားလေသည်။ ၁၉၂၂ ခုနှစ်က ချုပ်ဆိုခဲ့သည့် (The treaty of the creation of USSR) ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းခြင်းစာချုပ် နောက်ဆုံးပုဒ်မ ၂၆ တွင် သမ္မတနိုင်ငံများသည် ပြည်ထောင်စုမှ ခွဲထွက်ခွင့်ရှိသည်ဆိုထားပြီး နောက်ပိုင်း ရေးသားပြဋ္ဌာန်းသည့် ၁၉၂၄ ခုနှစ်၊ ၁၉၃၆ ခုနှစ်နှင့် ၁၉၇၇ ခုနှစ် ဆိုဗီယက်ယူနီယံ အခြေခံဥပဒေများတွင်လည်း ခွဲထွက်ခွင့်ကို ဆက်လက်ထည့်သွင်း ပြဋ္ဌာန်းခဲ့ကြသည်ကို တွေ့ရလေသည်။ သမ္မတပူတင်၏ နိဂုံးချုပ်စကားကို ဖတ်လိုက်ရသောအခါ စာရေးသူတွင် မေးစရာ မေးခွန်းနှစ်ခု ရှိလာသည်။ ပထမ တခုမှာ… “လီနင်ခေတ်နောက်ပိုင်း လူများက အဘယ်ကြောင့် အဆိုပါ ခွဲထွက်ခွင့် ပြဋ္ဌာန်းချက်ကို စောစောစီးစီး မပြင်ဆင်ခဲ့ကြသနည်း” ဟူသည်နှင့်။ ဒုတိယတခုမှာ…. “မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် အခြေခံဥပဒေပါ ခွဲထွက်ခွင့်နှင့် ၆၂ ခုနှစ် အာဏာသိမ်းပွဲအပေါ် မည်သို့ မှတ်ချက်ပေးလိုပါသလဲ”  ဟူ၍….။ ကိုးကား - Wikipedia : Wikisource ရဲထွန်း (သီပေါ)

A d v e r t i s e m e n t With Us

More News
Up