A d v e r t i s e m e n t With Us

ပညာ​ရေး​နှင့်​ ကျန်း​မာ​ရေး​ မူဝါဒဆိုင်ရာ နိုင်ငံတကာညီလာခံ ကျင်း​ပ

မြန်မာ့​ပညာ​ရေး​နဲ့​ကျန်း​မာ​ရေး​ ပိုမို တိုး​တက်​ကောင်း​မွန်ဖို့​ရည်ရွယ်ချက်နဲ့​ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ပညာရှင်​တွေက နိုင်ငံတကာညီလာခံတခု ​နေပြည်​တော်မှာ ဒီက​နေ့​ စတင်ကျင်း​ပ​နေပါတယ်။ ပညာ​ရေး​နဲ့​ကျန်း​မာ​ရေး​ ဖွံ့​ဖြိုး​တိုး​တက်မှုဆိုင်ရာ ဒီ​ဆွေး​နွေး​ပွဲကို ​နေပြည်​တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်း​ရှင်း​ စင်တာ (MICC) မှာ ​ဖေ​ဖော်ဝါရီ ၁၃ ရက် က​နေ ၁၅ ရက်ထိ ၃ ရက်ကြာ ကျင်း​ပ​နေတာပါ။ ဆွေး​နွေး​ပွဲကို အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှု ဝန်ကြီး​ဌာန ကျန်း​မာ​ရေး​ဝန်ကြီး​ဌာန၊​ပညာ​ရေး​ဝန်ကြီး​ဌာနနဲ့​ မြန်မာနိုင်ငံအ​ခြေစိုက် ကုလသမဂ္ဂရုံး​ခွဲတို့​ ပူး​ပေါင်း​ စီစဉ်တာဖြစ်ပြီး​ ဥ​ရောပသမဂ္ဂ (အီး​ယူ) တို့​က ပံ့​ပိုး​ ကူညီတယ်လို့​သိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံပညာ​ရေး​နဲ့​ကျန်း​မာ​ရေး​ကဏ္ဍ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အတွက် အ​ရေး​ပါတဲ့​ ​ဆွေး​နွေး​ပွဲ ဖြစ်တယ်လို့​ ရန်ကုန် အ​ခြေစိုက် ကုလသမဂ္ဂရုံး​ ပြန်ကြား​ရေး​အရာရှိ ဦး​အေး​ဝင်း​က ​ပြောပါတယ်။ “ကုလသမဂ္ဂအ​နေနဲ့​ရော ကုလသမဂ္ဂနဲ့​ တွဲလုပ်တဲ့​ အဖွဲ့​အစည်း​တွေအ​နေနဲ့​ရော တ​ပြေး​ညီ မြန်မာနိုင်ငံရဲ့​ ​ပြောင်း​လဲ​နေတဲ့​ အ​ပြောင်း​အလဲ​တွေမှာ တ​ပြေး​ညီ ပူး​ပေါင်း​ လုပ်သွား​နိုင်ဖို့​ပေါ့​။ မြန်မာနိုင်ငံရဲ့​ ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍ အ​ခြေအ​နေ​တွေကို အစည်း​အ​ဝေး​ထဲမှာ ​သေချာပြန်ပြီး​ သုံး​သပ်​ဆွေး​နွေး​ပြီး​တော့​ လိုအပ်တဲ့​နေရာ​တွေမှာ ဘယ်လိုဆက်ပြီး​ ပြုပြင် ​ဆောင်ရွက်သွား​မယ်ဆိုတာ ​ဆွေး​နွေး​ရင်း​နဲ့​ အ​ဖြေရှာသွား​ကြဖို့​ပါပဲ။” ညီလာခံဖွင့်​ပွဲမှာ မြန်မာ ဒုသမ္မတ ​ဒေါက်တာ စိုင်း​မောက်ခမ်း​၊​ မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ်ရဲ့​ မြန်မာနိုင်ငံဆိုင်ရာ အကြံ​ပေး​ပုဂ္ဂိုလ် ဗီ​ဂျေး​နမ်ဘီယား​နဲ့​ ဥ​ရောပသမဂ္ဂ (အီး​ယူ) ဖွံ့​ဖြိုး​ရေး​ ​ကော်မရှင်အကြီး​အကဲ မစ္စတာ အန်ဒရစ် ပီရာဘဂ် စသူတို့​ မိန့်​ခွန်း​ ​ပြောကြား​ခဲ့​ပါတယ်။ ညီလာခံ ပထမ​နေ့​မှာ စီး​ပွာ​ရေး​နဲ့​ လူ့​အရင်း​အမြစ်ဖွံ့​ဖြိုး​မှု မြှင့်​တင်​ရေး​တွေအတွက် အဓိက မူဝါဒ အ​ပြောင်း​အလဲ​တွေနဲ့​ အဖွဲ့​အစည်း​ဆိုင်ရာ အ​ပြောင်း​အလဲ​တွေကို ​ဆွေး​နွေး​နေပါတယ်။ ဒုတိယ​နေ့​မှာ​တော့​ ပညာ​ရေး​မူဝါဒ​တွေ ​ဆွေး​နွေး​ဖို့​ရှိပြီး​ ​နောက်ဆုံး​နေ့​မှာ ကျန်း​မာ​ရေး​ဆိုင်ရာ မူဝါဒကိစ္စ​တွေ ဦး​စား​ပေး​ ​ဆွေး​နွေး​မှာ ဖြစ်ပါတယ်။ ဒီ​ဆွေး​နွေး​ပွဲမှာ စီး​ပွား​ရေး​နိုဘယ်လ်ဆုရှင် ပါ​မောက္ခ ဂျိုး​ဇက်စတစ်လစ်၊​ မြန်မာနိုင်ငံမှာ ​နေထိုင်ခဲ့​ဖူး​တဲ့​ ကိုလံဘီယာတက္ကသိုလ် ပါ​မောက္ခ ​ရော်နယ်လ် ဖင်း​ဒ​လေး​၊​ မြန်မာစီး​ပွား​ရေး​ပညာရှင် ဦး​လှမြင့်​ စသူတို့​ အပါအဝင် ပြည်တွင်း​ပြည်ပက ပညာရှင်​ပေါင်း​ ၄၀ ​လောက် နိုင်ငံတကာ အ​တွေ့​အကြုံ​တွေကို ​ဆွေ​နွေး​ ဖလှယ်ကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up