Home
မြန်မာသတင်း
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ငွေကြေးမထောက်ပံ့ရန် တောင်းဆို
နော်နိုရင်း
·
June 8, 2017
  မန္တလေးဒေသမှာ ကျောက်မီးသွေးလောင်စာသုံးလည်ပတ်မယ့် ဘိလပ်မြေစက်ရုံ ၁ ရုံကို ကမ္ဘာ့ဘဏ်အုပ်စုဝင် နိုင်ငံတကာငွေကြေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ IFC အနေနဲ့ ငွေကြေးမထောက်ပံ့ဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၇၄ဖွဲ့က ပူးပေါင်း တောင်းဆိုပါတယ်။ ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတကာ ငွေကြေးပူးပေါင်းဆောင်ရွက်ရေး ဒါရိုက်တာဘုတ်အဖွဲ့  ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဆီ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်အနေနဲ့  မြန်မာပြည်မှာ ထိခိုက်မှုများတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို ငွေကြးထောက်ပံ့ရေး မလုပ်ဖို့ ကတိပြုထားပေမယ့် အခု စီမံကိန်းကို ငွေကြေးထောက်ပံ့ဖို့ စီစဉ်နေတာကို  နားမလည်နိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် ရွှေတောင်ကုမ္ပဏီဟာ   အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ ကုမ္ပဏီဖြစ်ပြီး ဇီဝမျိုးကွဲတွေ အများကြီးရှိတဲ့နေရာမှာ စက်ရုံတည်ဆောက်ခဲ့သလို ရေအရင်းအမြစ် ပျက်စီးတာ ဒေသခံတွေရဲ့ လယ်မြေတွေ မတရားဖျက်ဆီးခံရတဲ့ ဆိုးကျိုးတွေကြောင့် ကန့်ကွက်တာလို့ အဖွဲ့ မြန်မာပွင့်လင်းမြင်သာမှုနဲ့ အကောင်အထည်ဖော်မှု မဟာမိတ် (MATA) အဖွဲ့ဝင် ဦးရဲသိန်းဦးက ဒီဗွီဘီကို ပြောပါတယ်။ “အဓိကကတော့ အဲဒီဇီဝမျိုးကွဲတွေ အများကြီးရှိတဲ့ နေရာမှာ စက်ရုံတွေ ဆောက်ခဲ့တယ်။ စက်ရုံကတော့ အရင်စစ်အစိုးရလက်ထက်က ဆောက်ခဲ့တယ်။ အဲဒီမှာ သစ်တောကြိုးဝိုင်းရဲ့ မြေတွေကို ရယူခဲ့တာရှိတယ်။ အဲဒီမှာ သဘာဝချောင်းတွေ ရှိတယ်။ အဲဒီသဘာဝချောင်းရဲ့ ရေကို မှီပြီး အရင်တုန်းက တောင်သူတွေက သူတို့ရဲ့ သီးနှံစိုက်ခင်းလေးတွေ လုပ်ခဲ့တာတွေ ရှိတယ်။ စက်ရုံဆောက်တဲ့ စီမံကိန်းထဲမှာ ရေရယူအသုံးပြုခြင်းပေါ့။ ဒီသတ္တုတွင်းဥပဒေမှာကြည့်ရင် ရေရယူ အသုံးပြုဖို့ ဥပဒေမှာ အသေအချာ ဖော်ပြထားပါတယ်။ ရေအရင်းမြစ်တွေဟာ ဒေသခံတွေ ပိုင်ဆိုင်တဲ့ဟာ ဖြစ်ပါတယ်။ ဒေသခံတွေ ပိုင်ဆိုင်တဲ့ ရေအရင်းအမြစ်တွေကိုလည်း မောင်ပိုင်စီး ယူပြီး ဆည်ခတ်ပြီး လုပ်တယ်။ စစ်အစိုးရလက်ထဲမှာ တောက်လျှောက်လုပ်လာ ခဲ့တယ်။” အမေရိကန်က နာမည်ပျက်စာရင်းသွင်းပြီး ဒဏ်ခတ်အရေးယူထားတဲ့ ကုမ္ပဏီကို  အခုလို နိုင်ငံတကာ ငွေကြေးအဖွဲ့တွေက နေပြီးတော့ ကူညီတာမျိုးဟာ မဖြစ်သင့်ဘူးလို့လည်း ဦးရဲသိန်းဦးကပြောပါတယ်။ ဒါ့အပြင် အိတ်ဖွင့်ပေးစာမှာ ဒီစီမံကိန်းဟာ  အရင်စစ်အစိုးရနဲ့ အကျိုးတူပူးပေါင်းပြီး ချမ်းသာကြွယ်ဝနေတဲ့ ခရိုနီစီးပွားရေးသမားတဦးကို အကျိုးဖြစ်စေတယ်၊ IFC အနေနဲ့ မိမိအကျိုးအမြတ်နဲ့ မြန်မာပြည်မှ ခရိုနီစီးပွားရေးသမားများရဲ့ အကျိုးအမြတ်ကို ပိုမိုရှေးရှုရာကျနေတယ်လို့လည်း ဖော်ပြထားပါတယ်။ နိုင်ငံတကာ ငွေကြေးပူးပေါင်းဆောင်ရွက်ရေး IFC အနေနဲ့  ဒေါ်လာ ၃၅ သန်း ထုတ်ချေးပြီး ဘိလပ်မြေစက်ရုံတွေမှာ ရင်းနှီးမယ့်အစား ရေရှည်အတွက် ကောင်းမွန်တဲ့  တခြားကဏ္ဍတွေမှာ ရင်းနှီးရင်ပိုပြီးကောင်းလိမ့်မယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024