၁၃ နှစ်အရွယ် နှိပ်စက်ခံအိမ်အကူမိန်းကလေး ဒဏ်ရာများ ရက်ပိုင်းတွင်း တိုးတက်ကောင်းမွန်
အာကာ
·
June 7, 2017
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မီးပူနဲ့ကပ်၊ ရေနွေးပူနဲ့လောင်းပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေးရဲ့ ဒဏ်ရာတွေ ရက်ပိုင်းအတွင်း တိုးတက်ကောင်းမွန်လာပြီလို့ သိရပါတယ်။
အသက် ၁၃ နှစ်အရွယ် မခိုင်နှင်းဝေကို ဇွန်လ ၄ ရက်နေ့က စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း)ကို ပို့ဆောင်ကုသပေးခဲ့တာပါ။
စံပြဆေးရုံကြီး(သင်္ဃန်းကျွန်း) ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက “လောလောဆယ် ဒဏ်ရာအနာက မကြာခင် သက်သာသွားမှာပါ။ အနာရွတ်ပဲ ဆက်ပြီး ကုရမှာပါ။ ကံကောင်းတာက မျက်နှာ မပါတာပါ။ အရေပြားတွေ အရောင်ပြောင်းတာတော့ ရှိနိုင်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
မခိုင်နှင်းဝေက “အနာတွေက သက်သာတယ်၊ မနာတော့ဘူး။ သူတို့(အိမ်ရှင်လင်မယား) ရိုက်ထားတဲ့ ခြေဆစ်၊ လက်ဆစ်တွေကပဲ နာတော့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မခိုင်နှင်းဝေကို စံပြဆေးရုံကြီး(သင်္ဃန်းကျွန်း)က ဆေးဝါးကုသတာအပြင် အစားအသောက် အဝတ်အထည်နဲ့ ငွေကြေးပါ ပံ့ပိုးကူညီပေးနေတယ်လို့ သိရပါတယ်။