DVB Logo
Home
မြန်မာသတင်း
တိုင်ရီဆန္ဒပြပွဲ ခြောက်ရက်မြောက် ဆက်ဖြစ်
DVB
·
February 11, 2012
Donate to DVB

လှိုင်သာယာစက်မှုဇုန် (၃) က တိုင်ရီ (Tai Yi) ဖိနပ်စက်ရုံက အလုပ်သမားတွေ ဒီကနေ့ထိ ခြောက်ရက်ဆက်တိုက် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုချက်ကို မြို့နယ်က ဖျန်ဖြေရေးအဖွဲ့ လာရောက်ညှိပေးပေမယ့် မရဘဲ ဆက်လက် ဆန္ဒပြနေကြတာပါ။

အလုပ်သမားတွေက သူတို့လုပ်အားခကို တနာရီ ၇၅ ကျပ်ကနေ ၂၅၀ ကျပ်ထိ တိုးပေးဖို့ တောင်းဆိုနေပါတယ်။ ဒီကနေ့မှာတော့ အလုပ်သမားအရေး၊ လယ်သမားအရေး ကြားဝင်ဆောင်ရွက်တဲ့ရှေ့နေ ကိုဖိုးဖြူရောက်ရှိလာသလို အလုပ်ရှင်ကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဖြစ်ပွားပုံအစက တရုတ်နှစ်သစ်ကူးမှာ အလုပ်ရှင်က ၅ ရက်ပိတ်ပြီး လစာထဲက ဖြတ်တာကစပြီး မကျေနပ်လို့ ဆန္ဒပြကြတာပါ။ အခု အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကတော့ လုပ်ခလစာတိုးပေးရေးနဲ့ အချိန်ပိုနာရီ လျှော့ချရေးဖြစ်ပါတယ်။

ဒီညနေပိုင်းမှာ စက်ရုံမန်နေဂျာက အလုပ်သမား တဦးချင်းဆီကို တွေ့ဆုံဖို့ ရှိပေမယ့် အလုပ်သမားတွေက ရှောင်နေကြတယ်လို့ ဆိုပါတယ်။

အလုပ်သမားခေါင်းဆောင်တဦးက “စက်ရုံမန်နေဂျာ ဒေါ်အေမီနိုင်က ညနေ ၃ နာရီမှာ အဆောင်မှာ တွေ့မယ်ဆိုပြီး ပြောတယ်။ အလုပ်သမားတွေကလည်း သူနဲ့မညှိဘူးဆိုပြီး ရှောင်နေကြတယ်။ ညှိတယ်ဆိုတာလည်း အလုပ်သမားတွေနဲ့ တရားဝင် ညှိတာမဟုတ်ဘဲနဲ့ တယောက်ချင်းတွေ့ပြီး သူက စည်းရုံးတဲ့ သဘောနဲ့ အလုပ်ပြန်ဆင်းဖို့ ပြောမှာဆိုတော့ အလုပ်ပြန်မဆင်းဘဲ ရှောင်နေတာပါ။”

တိုင်ရီစက်ရုံက အလုပ်တွေကို သူရဲ့စက်ရုံခွဲ ဖြစ်တဲ့ ဂရိတ် (၀မ်း) ဆိုတဲ့ စက်ရုံမှာ သယ်ဆောင် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ တိုင်ရီစက်ရုံနံဘေးက အထပ်သုံးထပ်နဲ့ အလုပ်သမား ၄ ထောင်ခန့်ရှိတဲ့ Weng Hong Hong အထည်ချုပ်စက်ရုံမှာလည်း မနေ့က အလုပ်သမားတွေက လုပ်ခလစာ တိုးပေးရေးနဲ့ အချိန်ပိုနာရီလျော့ချရေး တောင်းဆို ဆန္ဒပြဖို့ ပြင်ဆင်ကြပါတယ်။ ဒီ ကိစ္စကို အလုပ်ရှင်သိသွားပြီး ဆန္ဒပြတဲ့အဆင့်ကို အရောက်မခံဘဲ လိုလားချက်တွေကို တင်ပြဖို့နဲ့ ဖြေရှင်းပေးမယ်ဆိုတဲ့အတွက် တင်ပြလိုက်ကြပြီး အခိုက်အတန့် ပြေလည်သွားတယ်လို့ ဆိုပါတယ်။

အစိုးရသစ်လက်ထက် ပြဋ္ဌာန်းထားတဲ့ အလုပ်သမားအခွင့်အရေးဥပဒေမှာ အလုပ်သမားတွေဟာ ဆန္ဒပြချင်ရင် ၁၄ ရက် ကြိုတင်ခွင့်တောင်းပြီးမှ ပြသခွင့်ရှိတယ်လို့ ပါရှိပါတယ်။ ဒီပြဋ္ဌာန်းချက်ဟာ လက်တွေ့အလုပ်သမားတွေဘ၀ကို ထင်ဟပ်မှုမရှိဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုသန်းက ပြောပါတယ်။

“ဆန္ဒပြချင်ရင် ၁၄ရက်ကြိုတင် ပြောပြီးမှ ဆန္ဒပြရမယ်ဆိုတာက ဒီဥပဒေက လက်ရှိ အလုပ်သမားတွေရဲ့ ဘ၀ကို သေချာနားမလည်ဘဲနဲ့ လက်ရှိအစိုးရနဲ့ အိုင်အယ်လ်အိုနဲ့ ညှိပြီးတော့  ထုတ်လိုက်တာဖြစ်သွားတယ်။ တကယ့်အောက်ခြေက အခြေအနေကျတော့ အလုပ်သမားတယောက်က လုပ်ခလစာ ဖြတ်လိုက်တာကို ၁၄ ရက် မစောင့်နိုင်ဘူး။

လုပ်ခလစာ ဖြတ်တောက်ခံရပြီဆိုကတည်းက သူတို့နောက်ကွယ် ပြဿနာက အကြီးကြီးပဲ။  အဆောင်စရိတ်မပေးနိုင်တာတွေ၊ ထမင်းလခ မပေးနိုင်တာတွေ၊ ချေးထားတဲ့ ငွေတွေ ပြန်မဆပ်နိုင်တာတွေ။ လုပ်ခလစာ ဖြတ်တောက်ခံရပြီဆိုရင် ဆန္ဒပြမှု ထဖြစ်မှာပဲ။ အဲ့လို ဖြစ်လို့ ဥပဒေနဲ့ မညီညွတ်ဘူး။ အရေးယူမယ်ဆိုရင် ဒါ အရေးယူချက်ကိုက အဓိပ္ပါယ်မရှိတော့ဘူး။”

အဲဒီ့ အလုပ်သမားအခွင့်အရေး ဥပဒေမှာ အလုပ်သမားသမဂ္ဂ ဖွဲ့ခွင့်လည်း ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013