ချိုင့်ဆွဲကုလားကြီးနဲ့ ကလေးငယ်တို့ အကြောက်တရား
DVB
·
June 7, 2017
အကြောက်တရားဆိုတာ အဟိတ်တိရစ္ဆာန်တွေသာမက ပုထုဇဉ်လူသားတိုင်းရဲ့ စိတ်သန္တာန်မှာ ရှိပါတယ်။ အနည်းနဲ့ အများသာ ကွာခြားတတ်တာပါ။ ကြောက်စိတ်၊ စိုးရွံ့စိတ်ဆိုတာ ဒေါမနဿဖြစ်ပါတယ်။ တကယ်တော့ လူသားတွေ ကြောက်တယ်ဆိုတာ မသိတာကို ကြောက်တတ်ကြတာပါ။ အသိဉာဏ် ရင့်သန်လာပြီး စဉ်းစားဆင်ခြင်တတ်လာရင် ကြောက်စိတ်ဆိုတာ တဖြည်းဖြည်းချင်း လျော့ပါးသွားတာပါပဲ။
ထင်ရှားအောင် ပြောရရင်တော့ စာရေးသူရဲ့ ညီအငယ်ဆုံးလေး ချိုင့်ဆွဲကုလားကြီးကို ကြောက်ခဲ့ရပုံ အကြောင်းလေး ပြောပြချင်ပါတယ်။ အသိဉာဏ် မကြွယ်၊ နှလုံးသား နုနယ်တဲ့ ကလေးငယ်လေးတွေဆိုတာ သူတို့ မရင်းနှီးတဲ့၊ တွေ့နေမကျ အမြင်မလှတဲ့ လူ သက်ရှိ သက်မဲ့ အရာတွေအားလုံးကို ကြောက်တတ်ကြပါတယ်။ စာရေးသူတို့ ငယ်စဉ်က နေခဲ့ရတဲ့ ရပ်ကွက်ကလေးမှာ လက်လုပ်လက်စား ဆင်းရဲသူတွေ အများအပြား နေထိုင်ကြတဲ့အထဲမှာ လူမျိုးခြားတွေလည်း နေထိုင်ကြပါတယ်။ အဲဒီအထဲမှာ အသက်အရွယ် အတော်ကြီးနေလို့ ခါးကိုင်းကိုင်း၊ မုတ်ဆိတ် ဖရိုဖရဲရှိတဲ့ ကုလားအဘိုးကြီးတယောက် ရှိပါတယ်။
အဲဒီအဘိုးကြီးက ညနေချိန်ဆိုရင် ချိုင့်ကလေးတလုံးနဲ့ ထွက်လာပြီး လက်ဖက်ရည် ထွက်ဝယ်လေ့ ရှိပါတယ်။ ဒါကြောင့် သူ့ကို ချိုင့်ဆွဲကုလားကြီးလို့ အရပ်ထဲက လူတွေက ခေါ်ကြပြီး သူတို့ကလေးငယ်လေးတွေ ဂျီကျလို့ အငိုမတိတ်တဲ့အခါ အဲ့ဒီကုလားကြီးနဲ့ ခြောက်လှန့်ကြတော့ လမ်းထဲက ကလေးငယ် အတော်များများက ချိုင့်ဆွဲကုလားကြီးကို ကြောက်ကြပါတယ်။
ချိုင့်ဆွဲကုလားကြီးကို ကြောက်တဲ့ ကလေးတွေအထဲမှာ စာရေးသူရဲ့ ညီအငယ်ဆုံးလည်း ပါဝင်ပါတယ်။ ငိုနေတဲ့ ကလေးတွေဆိုတာ.. ဟောဒီမှာ ချိုင့်ဆွဲကုလားကြီး လာနေပြီ၊ နင့်ကို ခေါ်သွားလိမ့်မယ်နော်လို့ ခြောက်လိုက်တာနဲ့ ကလေးတွေဆိုတာ ချက်ချင်း အငိုတိတ်ကြတော့တာပါပဲ။ ဒီတော့ လူကြီးတွေကလည်း ကလေးအငိုတိတ် ပြီးရောဆိုတဲ့သဘောနဲ့ ကလေးတွေကို ချိုင့်ဆွဲကုလားကြီးနဲ့ ကြုံတိုင်း အမြဲတမ်း ခြောက်လှန့်ပြီး သူတို့အဆင်ပြေဖို့ အသုံးချလာခဲ့ကြတာပါပဲ။
ဒီကနေ့ မြန်မာနိုင်ငံမှာလည်း ၂ဝ၁၂ ခုဝန်းကျင်လောက်ကစပြီး အလားတူပုံစံမျိုးနဲ့ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေ၊ အာဏာ ဆက်ဆုပ်ကိုင်ထားလိုသူတွေ၊ ဘာသာရေး အစွန်းရောက်တွေက မသိ နားမလည်တဲ့ နိုင်ငံသားတချို့ကို ဘင်္ဂါလီကုလားနဲ့ မွတ်ဆလင် လူမျိုးခြားတွေနဲ့ ခြောက်လှန့်လာခဲ့ကြတာဟာ အခုဆို အတော်အရှိန်ရနေကြပါပြီ။
သူတို့ရဲ့ ခြောက်လုံး လှန့်လုံးတွေကတော့ ဟိုး.. ရာစုနှစ်ပေါင်းများစွာက လက်နက်အင်အားသုံးပြီး နိုင်ငံအချင်းချင်း ကျူးကျော်သိမ်းပိုက်လို့ရတဲ့ ခေတ်တွေတုန်းက ဗုဒ္ဓဘာသာကို ဝါးမျိုပြီး အစ္စာလာမ်နိုင်ငံတွေ ထူထောင်ခဲ့ကြတဲ့ သမိုင်းကြောင်းတွေ၊ အရင် ဗုဒ္ဓဘာသာ ကိုးကွယ်ရာကနေ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့နိုင်ငံ ဖြစ်သွားရတာတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ သတ်ဖြတ်ခံခဲ့ရတာတွေကို ပြောဆိုပြီး မြန်မာနိုင်ငံမှာလည်း ဒီလူမျိုးခြား၊ ဘာသာခြားတွေက ဂျီဟတ်လုပ်နေပြီ၊ ဘင်္ဂါလီတွေ မျိုသွားမယ်၊ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားလိမ့်မယ်ဆိုပြီး ခြောက်လှန့်စည်းရုံးလို့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ပြည်သူအများစုဆန္ဒမဲနဲ့ တက်လာတဲ့ အန်အယ်လ်ဒီ အရပ်သားအစိုးရကို ထောက်ခံမှု လျော့ကျအောင်၊ အထင်လွဲအောင် ဗုဒ္ဓဘာသာကို အားမပေးဘူး ဆိုပြီး တိုင်းပြည် မငြိမ်သက်အောင် ရည်ရွယ်တိုက်ခိုက်လာနေတာ လူတိုင်း မြင်တွေ့နေကြပါတယ်။
တကယ်တော့ အထက်က သူတို့ ဥပမာပေး ခြိမ်းခြောက်ပြောဆိုတဲ့ ဘာသာရေးစစ် ကျူးကျော်တဲ့ခေတ်နဲ့ ဒီကနေ့ခေတ်ဟာ လုံးဝကွာခြားသွားပါပြီ။ တနိုင်ငံနဲ့ တနိုင်ငံ ဘာသာရေးကို အကြောင်းပြပြီး ကျူုးကျော်လို့ မရအောင် နိုင်ငံတကာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ ရှိနေခဲ့ပါပြီ။ ဆက်သွယ်ရေးစနစ်တွေလည်း အလွန်တိုးတက်လာတာမို့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကိုလည်း လိမ်ညာဖုံးကွယ် ဖျောက်ဖျက်လို့လည်း မရတော့ပါဘူး။
တရားဥပဒေစိုးမိုးအောင် လုပ်နိုင်မယ်၊ ငြိမ်းချမ်းရေးရပြီး တိုင်းပြည် စီးပွားရေး အဆင်ပြေအောင် လုပ်နိုင်မယ်၊ နိုင်ငံသားတွေဟာ အသိဉာဏ်တွေ ဖွံ့ဖြိုးလာမယ်၊ စနစ်မှန်မယ်၊ အုပ်ချုပ်သူ မှန်မယ်ဆိုရင် အထက်က စိုးရိမ်စိတ်တွေ၊ ကြောက်လန့်နေတဲ့ စိတ်တွေ အလိုလိုပျောက်သွားမှာပါပဲ။ အခုဆိုရင် စာရေးသူရဲ့ ညီအငယ်ဆုံးဟာ အရွယ်ရောက်ပြီး အသိဉာဏ် ရင့်ကျက်လာတော့ ချိုင့်ဆွဲကုလားကြီးကို မကြောက်တော့ပါဘူး။
လူသားတွေဟာ အမိဝမ်းက ကျွတ်လာပြီးတဲ့နောက် ဟောဒီ လောကဒွန္နရာကြီးထဲကို ဝင်ရောက်လာပြီဆိုကတည်းက မိမိ မွေးဖွားရောက်ရှိတဲ့ အရပ်ဒေသ၊ တိုင်းနိုင်ငံနဲ့ မိဘမျိုးရိုးက ကိုးကွယ်နေတဲ့ ဘာသာတခုခုရဲ့ ဘာသာဝင်တယောက်အဖြစ် အလိုအလျောက် ဖြစ်သွားခဲ့ကြရပါတယ်။ ငယ်စဉ်တောင်ကျေး ကလေး ဘဝကစလို့ မိဘဆရာသမားများရဲ့ နေ့စဉ် သွန်သင်ဆုံးမမှုတွေ နာခံရင်း၊ ဘုရားကျောင်းကန်၊ ဗလီ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ ရောက်ခဲ့ရရင်း မိရိုးဖလာဘာသာဝင်တွေ ဖြစ်ခဲ့ကြရတယ် မဟုတ်လား။
ဒီကမ္ဘာဂြိုဟ်ပြာကြီးမှာ ကိုးကွယ်မှုတွေ ဘယ်အချိန်က၊ ဘယ်လို ပေါ်ပေါက်လာတယ် ဆိုတာ ပြောဖို့ရာ တိကျတဲ့ အထောက်အထားတွေ မရှိပေမယ့်၊ လူသားတွေရဲ့ တရွေ့ရွေ့ ဆင့်ကဲဖွံ့ဖြိုးလာတဲ့ ဖြစ်စဉ်တွေနဲ့ အတူ၊ ကြီးထွားလာတဲ့ ဦးနှောက်အရွယ်ပမာဏနဲ့၊ စည်ပင်ဖွံ့ထွားလာတဲ့ အတ္တနဲ့ လောဘတရားရယ်၊ မဆုံးနိုင်တော့တဲ့ လိုအင်ဆန္ဒတွေကြောင့် ဘာသာတရားတွေ ပေါ်ပေါက်လာရတယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းပြောဆိုကြတယ် မဟုတ်လား။
သမိုင်းမတိုင်ခင် ခေတ်တွေမှာ မီးတောင်တွေပေါက်၊ မိုးကြိုးမုန်တိုင်းတွေကြောင့် မီးလျှံငရဲနဲ့ ကြုံရရင် မီးနတ်ကို ကိုးကွယ်ကြ၊ မြေငလျင်တွေ တော်လည်းပြီး တောင်တွေပြို၊ ကမ်းပါးတွေပြိုရင်၊ မြေနတ်၊ တောင်စောင့်နတ်တွေ ကိုးကွယ်ကြမှာ ကြောက်တတ်တဲ့ လူသားတွေရဲ့ ဓမ္မတာပါပဲ။
အဲဒီအကြောက်တရားကို အခြေခံတဲ့ကိုးကွယ်မှု၊ အကျိုးစီးပွားကို အခြေခံတဲ့ ကိုးကွယ်မှုတွေကတဆင့် မိဘမျိုးရိုးအစဉ်အဆက် ကိုးကွယ်မှုနဲ့ ကြီးပြင်းလာရတဲ့ အသိဉာဏ် မကွပ်ကဲတဲ့ လူသာမန်တယောက်ဖို့ ဆင်ခြင်တုံတရားမပါတဲ့ မျက်ကန်းယုံကြည်မှုမျိုး ဖြစ်တည်လာမှာ မလွဲပါဘူး။ အဲဒီကမှတဆင့် အစွန်းရောက် ယုံကြည်သူတွေအဖြစ် လူ့အဖွဲ့အစည်းရဲ့ ကုစားလို့ မရနိုင်တော့တဲ့ ကင်ဆာဆဲလ်တွေ ဖြစ်သွားတတ်ပါတယ်။
အဲဒီလို မိရိုးဖလာ ယုံကြည်သူတွေနဲ့၊ အစွန်းရောက်ယုံကြည်သူတွေဟာ မိမိဘာသာကိုသာ ယုံကြည်ဖို့၊ ကာကွယ်စောင့်ရှောက်ကြဖို့ တခြားဘာသာတွေရဲ့ မကောင်းကြောင်းကို တွင်တွင်ကြီး ကျယ်လောင်စွာ ပြောဆိုတိုက်ခိုက် စည်းရုံးလေ့ ရှိကြပါတယ်။ သူတို့ရဲ့ စိတ်သန္တာန်မှာတော့ သူတို့ဟာ သာသနာတော်ကြီးကို အသက်စွန့် ကာကွယ်နေတယ်။ ကိုယ်ကျိုးစွန့်ပြီး သာသနာပြုနေတယ်။ အာဇာနည် အလောင်းတော်တွေရဲ့ လမ်းစဉ်လိုက်နေတယ်လို့ ထင်မှတ်မှားနေကြပါလိမ့်မယ်။ ပြီးတော့ အများစုဖြစ်တဲ့ မိရိုးဖလာ ယုံကြည်သူတွေကို ဘာသာရေးမှိုင်း၊ လူမျိုးရေး မှိုင်းတိုက်ပြီး အတွေးအခေါ် အဆိပ်ခတ်တော့တာပါပဲ။
သိကြတဲ့အတိုင်း အသိဉာဏ်မကွပ်ကဲနိုင်တဲ့ မျက်ကန်းယုံကြည်တတ်သူ လူတချို့ဟာ အစပိုင်းမှာ အလွယ်တကူ သူတို့နောက်ကို အုံနဲ့ကျင်းနဲ့ လိုက်ပါတတ်ကြပါတယ်။ အဲဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီး အစွန်းရောက် ယုံကြည်သူတွေနဲ့ နှလုံးသား မည်းညစ်လှတဲ့ အာဏာရူးတွေ ပေါင်းမိပြီဆိုရင်တော့ လူတွေရဲ့ အတွေးအခေါ်ကို အဆိပ်ခတ်ရုံမက၊ လူမျိုးတုံးသတ်ဖြတ်မှု စတဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေထိ ဖြစ်ပွားအောင် လှုံ့ဆော်ကြတော့တာပါပဲ။ အပြစ်မဲ့သူတွေရဲ့ အသက်သွေးတွေကို ယဇ်ပူဇော်ပြီးသူတို့ရဲ့ အောင်မြေကို နင်းလေ့ရှိကြတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့ စတဲ့ အများသည်းခြေခိုက် စကားလုံးတွေနဲ့ ရွှေချပြီး အဆိပ်ခတ်တော့တာပါပဲ။
မြန်မာနိုင်ငံရဲ့သမိုင်းမှာ အထင်ရှားဆုံး ကျန်ရစ်တဲ့ အတွေးအခေါ် လိမ်ညာအဆိပ်ခတ်မှုကြီးကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပဲ ဖြစ်တယ်။ အခုခေတ်မျိုးဆက် လူငယ်အများစု သိချင်မှ သိလိမ့်မယ်။ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး စစ်တပ်က ဦးစီးတဲ့ မြန်မာ့နည်း မြန်မာဟန် ဆိုရှယ်လစ်စနစ်ကို တည်ဆောက်မယ်လို့ ကြေညာပြီး သမိုင်းတွင်မယ့် လိမ်ညာမှုကြီးကို စတင်ကျူးလွန်ခဲ့ကြပါတယ်။
“ယထာဘူတအမြင်“ “အညမညအမြင်“ စတဲ့ ဘာသာရေး စကားလုံးတွေသုံး၊ “သဘောတရားဟူသည် ဘဝရှေ့ဆောင် မီးရှူးရောင်၊ ဘဝဟူသည် သဘောတရားအမြင် မှတ်ကျောက်ပင်“ စတဲ့ စကားလုံး အူကြောင်ကျားတွေသုံး၊ “ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်တွေ လူတိုင်း အလျှံပယ် သုံးဆောင်ခံစားရမယ်” စတဲ့ မက်လုံးတွေနဲ့ အဆိပ်ခတ်လိမ်ညာခဲ့ရင်း တို့တိုင်းပြည်လည်း ဒီကနေ့ အခြေအနေ ရောက်တဲ့အထိ ဆင်းရဲစုတ်ပြတ် နုံချာခဲ့ရတာပါပဲ။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေက ရိုးသားတယ်၊ ယုံလွယ်တယ်၊ သနားတတ်တယ်။ မိရိုးဖလာ ဓလေ့ဟောင်းတွေနဲ့ ရောင့်ရဲနေလိုမှုတွေအပေါ် အခွင့်ကောင်းယူ အမြတ်ထုတ်သွားခဲ့ကြတာပါပဲ။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို အကြမ်းဖက်နှိမ်နင်းပြီး အာဏာသိမ်းခဲ့တဲ့ နဝတ၊ နအဖ ခေတ်တွေမှာလည်း အဲဒီလို စကားလုံးလှလှလေးတွေ သုံးခဲ့ကြတာ လူတိုင်းအသိပါ။ တိုင်းပြည်ကြီး ချောက်ထဲကျဖို့ လက်တလုံးခြား အလို တပ်မတော်က အာဏာသိမ်းပြီး ကာကွယ်လိုက်ရတာတို့၊ နိုင်ငံတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲဖို့ စတဲ့ စကားလုံးတွေ အသုံးချခဲ့တာပဲ မဟုတ်လား။
မဟုတ်တာ လုပ်နေတဲ့၊ လုပ်တော့မယ့်လူတွေဆိုရင် အဲဒီလို စကားလုံး လှလှလေးတွေ များများသုံးတတ်ကြတယ်။ ဘာသာရေးအသိ၊ နိုင်ငံရေးအသိ၊ အထွေထွေ အသိနောက်ကျတဲ့ လူ့အဖွဲ့အစည်းတွေဟာ အဲဒီလို လိမ်ညာမှုကို ထပ်တလဲလဲ ခံရတတ်တယ်။
ဘာသာရေး ယုံကြည်မှုအဆင့်တွေကို အဆင့်သုံးမျိုးနဲ့ သတ်မှတ်ကြည့်နိုင်ပါတယ်။ ပထမအမျိုးအစားကတော့ မိရိုးဖလာ သက်ဝင်ယုံကြည်မှုပါ။ ဒုတိယအမျိုးအစားက လေ့လာဆည်းပူးပြီး ရလာတဲ့ အသိပညာနဲ့ ဆင်ခြင်ပိုင်းခြားလို့ ဉာဏ်ဦးစီးတဲ့ ယုံကြည်မှုပါ။ တတိယအမျိုးအစားကတော့ ပညာဉာဏ်ကွပ်ကဲရုံမက၊ ကျင့်ကြံအားထုတ်မှု စရဏနဲ့ပါ ပေါင်းစပ်ပြီး မှန်ကန်ကြောင်း ကိုယ်တွေ့အသိနဲ့ ယုံကြည်မှုပါ။ အင်မတန် ရှားပါးတတ်ပါတယ်။ ဘာသာတိုင်းမှာ မိရိုးဖလာအတိုင်း လိုက်စားပြီး မျက်ကန်းယုံကြည်သူတွေပဲ များပါတယ်။
သူတို့ဟာ သူတို့ရဲ့ ဘုရားရှင်ထံမှာ ဟိုဟာလိုချင်၊ ဒီဟာလိုချင် အမြဲတမ်း အပူကပ်လေ့ရှိပြီး သူတို့ဆန္ဒပြည့်တာနဲ့ ဘုရားကို မေ့ထားကြ၊ ဘုရားရဲ့ အဆုံးအမစကားတွေ မေ့ပစ်လိုက်ကြတော့တာပါပဲ။ သူတို့ရဲ့နှလုံးသားထဲက တကယ် မယုံကြည်တဲ့ သူတို့ရဲ့ဘာသာကို ထိပါးစော်ကားလာတယ်လို့ ယူဆရင် သူတို့ရဲ့ ဘာသာကို ကာကွယ်ကြဖို့ စောင့်ရှောက်ကြဖို့ ကျယ်လောင်စွာ အော်ကြတော့တာပါပဲ။
အမိန့်အာဏာနဲ့ ဥပဒေနဲ့ သာသနာပြုရင်၊ အကြောက်တရားကို ဖန်တီးပြီး သာသနာပြုရင်၊ ရုပ်ဝတ္ထု၊ စည်းစိမ်ဥစ္စာတွေနဲ့ မက်လုံးပြပြီး သာသနာပြုရင်၊ ခပ်ညံ့ညံ့ မိရိုးဖလာ မျက်ကန်းယုံကြည်သူတွေကိုပဲ စည်းရုံးလို့ရမှာပါ။ အဲဒီမျက်ကန်း ယုံကြည်သူတွေထဲကပဲ တယူသန်အစွန်းရောက်တွေ မွေးဖွားလာစေပြီး အဲဒီဘာသာကို သူတို့ကပဲ ဖျက်ဆီးပစ်တော့တာပါပဲ။
အမျိုးသားရေးဆိုတာ မှန်မှန်ကန်ကန် မကျင့်သုံးတတ်ရင် အစားအစာနဲ့ ဆေးဝါးကို အတိုင်းအဆမမှန်ဘဲ သုံးစွဲတဲ့အခါ အဆိပ်အတောက်ဖြစ်ရသလို ကျင့်သုံးသူတွေအတွက် အဆိပ်ဖြစ်ရတော့တာပါပဲ။ အခုလည်း အမျိုးသားရေးလို့ ပြောနေပေမယ့် တခြားလူတွေကို ရန်လုပ်နေတာဟာ တန်ဖိုးရှိတဲ့ မျိုးချစ်စိတ် ဖြစ်မလာဘဲ အကျိုးမဲ့တဲ့ မျိုးနှစ်အဆိပ် ဖြစ်သွားရတာပါ။ အတွေးအမြင်တရပ်၊ တရားဓမ္မတရပ်ဟာ ကျင့်သုံးသူရဲ့ စိတ်သန္တာန်ကို ဒေါသတွေ ဖြစ်တည်စေမယ် အမုန်းတွေ တိုးပွားစေမယ်ဆိုရင် အဲဒီအမြင်နဲ့ တရားဓမ္မဟာ မှားနေပြီ၊ မဟုတ်တော့ဘူး ဆိုတာ သိနိုင်ဖို့ လိုပါတယ်။
သာသနာကို အရှည်တည်တံ့နိုင်အောင် ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ ဆိုတဲ့ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားဓမ္မများကို သင်ကြားဖြန့်ဖြူး လိုက်နာကျင့်ကြံပွားများခြင်းဖြင့်သာ စောင့်ရှောက်နိုင်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတွေကို ကိုယ့်နှလုံးသားထဲမှာ တည်နေတယ်ဆိုလို့ရှိရင် ကိုယ့်မှာ သာသနာရှိတယ်လို့ ခေါ်နိုင်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေဟာ နှလုံးသားထဲမှာ ပျောက်ကွယ်သွားပြီဆိုရင်တော့ အဲဒီပုဂ္ဂိုလ်မှာ သာသနာကွယ်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး အစွန်းရောက်ခြင်းမှ ကင်းလွတ်ပြီး၊ ပညာဉာဏ် ဆင်ခြင်တုံတရား ရှေ့ဆောင်သော ယုံကြည်မှုမျိုး ရနိုင်ကြပါစေ၊ လူမျိုးစုံ၊ ဘာသာစုံ ငြိမ်းချမ်းစွာ၊ ပျော်ရွှင်စွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြပါစေ၊ မေတ္တာမျှဝေ အးချမ်းနိုင်ကြပါစေ။ ဒီမိုကရေစီဆိုတာ အနည်းစုဆန္ဒကို လေးစားအသိအမှတ်ပြုရင်း အများစုဆန္ဒနဲ့အညီ အုပ်ချုပ်တဲ့စနစ် ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်အောက်မှာ နိုင်ငံသားတိုင်း၊ ကိုးကွယ်ရာ ဘာသာတိုင်း ရသင့်ရထိုက်တဲ့ အစောင့်အရှောက်တွေရပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူ့လောကကို အကျိုးပြုနိုင်ပါတယ်။
မင်းကောင်းချစ်
ဇွန်လ (၁) ရက်နေ့ ၂ဝ၁၇ ခုနှစ်