မြိုင်အုပ်ချုပ်ရေးမှူး အန်အယ်လ်ဒီဈေးရောင်းပွဲ ပိတ်ပင်
အေးနိုင်
·
February 12, 2012
မကွေးတိုင်း မြိုင်မြို့နယ်က ဘုရားပွဲတခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပုံငွေဈေးရောင်းပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပိတ်ပင်လို့ ရောင်းချခွင့်မရဘဲ ပိတ်လိုက်ရပါတယ်။
သုံးရက်ဆက်တိုက် ဘုရားပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးက သူကိုယ်တိုင်မလာဘဲ ဘုန်းကြီးတွေက တဆင့် ပိတ်ခိုင်းတာလို့ ဆိုပါတယ်။
အခုလ ၈ ရက်နေ့ကစတဲ့ မြိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာ ဆီအုန်းတောင် ကျေးရွာဘုရားပွဲမှာ မန္တလေးကလာတဲ့ နာမည်ကြီး ရွှေမန်းသဘင်ရဲ့ဇာတ်ကို ကပြပါတယ်။
အဲဒီပွဲမှာ မြိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်တွေ၊ သော့ချိတ်တွေ၊ ဦးထုပ်တွေ ရန်ပုံငွေအတွက် ရောင်းတာကို ညကိုးနာရီလောက်မှာ လာရောက်ပိတ်ပင်ခံရတာဖြစ်ပါတယ်။
မြိုင်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ခင်ဝင်းက “ည ၉နာရီလောက်မှာ သံဃာတော်တွေက လာပြီးတော့ ဘာသာရေးပွဲတွေမှာ နိုင်ငံရေးပါတီ အရောင်းဆိုင်တွေ ခွင့်မပြုဘူးလို့ လာပြောတော့ အာနန္ဒာဘုရားပွဲတော်မှာလည်း ရောင်းတာပဲလို့ ပြောတော့ အဲ့ဒါတွေကထားပါတဲ့။ တကယ်လို့ ဒကာတို့က ဆိုင်မပိတ်ရင် ပွဲမိန့်ပိတ်မယ်တဲ့။ အဲဒါနဲ့ ဘုန်းဘုန်း တပည့်တော်တို့ကတော့ ပွဲတော့ အပျက်မခံဘူး။ အဲဒါနဲ့ ၁၁ နာရီလောက်မှာ အစားထိုးပွဲမိန့်ဆိုတာ ရောက်ချလာတယ်။ အစားထိုးတဲ့ ပွဲမိန့်ရဲ့ အပိုဒ် ဇ ခွဲမှာ နိုင်ငံရေးပါတီ အရောင်းဆိုင်တွေကို ဘာသာရေးပွဲတွေမှာ ခွင့်မပြုဘူးဆိုတာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပြီး ကျလာတယ်” လို့ ပြောပါတယ်။
သူတို့ဈေးရောင်းတယ်ဆိုတာကို သိတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက တမင်အကွက်ဆင်ပြီး တားခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအာဏာပိုင်ရဲ့ ဒီပိတ်ဆို့မှုအပေါ် ဦးအောင်ခင်ဝင်းက “အခုက မကွေးတိုင်းမှာ အဆိုးဆုံး ဖြစ်နေတာ။ စာပေဟောပြောပွဲတွေလည်း ပိတ်၊ ဈေးအရောင်းဆိုင် ရန်ပုံငွေ ရှာပွဲတွေလည်း ပိတ်၊ မကွေးတိုင်းမှာကို ဖြစ်နေတာ။ တရားမဝင် ပစ္စည်းလည်း ရောင်းတာမဟုတ်ဘူးလေ။ ဘိန်းရောင်းတာလည်း မဟုတ်ဘူး။ ကျနော်တို့ကတော့ လာမယ့် ဘုန်းကြီးပျံပွဲတွေမှာ ဆက်ရောင်းချင်တာပဲဗျ။”
မကြာခင်မှာ ဘုန်းကြီးပျံပွဲတွေ၊ တပေါင်းလပြည့်ပွဲတွေလည်း လာတော့မှာဖြစ်လို့ ရန်ပုံငွေ ဈေးရောင်းချခွင့်ရဖို့ ကြိုးပမ်းမယ်လို့ သူက ပြောပါတယ်။