စင်ကာပူနှင့်မြန်မာ ကွင်းပိတ်ခြေစမ်းပွဲ တဖက် ၁ ဂိုးစီ သရေကျ

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
770
စင်ကာပူနိုင်ငံမှာ မနေ့ညကကန်သွားတဲ့ နိုင်ငံတကာ ဘောလုံးခြေစမ်းပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ အိမ်ရှင် စင်ကာပူအသင်းတို့ တဖက်တဂိုးစီနဲ့ သရေကျသွားပါတယ်။
မြန်မာအသင်းအတွက် ဦးဆောင်အဖွင့်ဂိုးကို ပွဲချိန်ဒုတိယပိုင်း ၆၅ မိနစ်မှာ တိုက်စစ်မှူး အောင်သူက သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူအတွက် ချေပဂိုးကိုတော့ လူစားဝင်လာတဲ့ နာဇရီက ပွဲပြီးခါနီး မိနစ် ၉၀ ကျမှ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူနည်းပြ စန္ဒြာမိုးသီးကတော့ ဒီနေ့ပွဲမှာ စင်ကာပူအသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်တဲ့အကြောင်း၊ ဘောလုံးပိုင်ဆိုင်မှုပိုရပြီး ဒီပွဲရလဒ်ကို ကျေနပ်အားရတဲ့အကြောင်း ပြောပါတယ်။
ဒီပွဲကို ဂျလန်ဘီဆာ အားကစားကွင်းမှာ ပရိသတ်မပါဘဲ ကွင်းပိတ်ပွဲအဖြစ် ကစားခဲ့တာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ ဇွန်လ ၉ ရက်နေ့မှာ စင်ကာပူလိဂ် လက်ရှိချန်ပီယံ အယ်ဘီရက်ဇ် နီဂါတာအသင်းနဲ့ ဒုတိယခြေစမ်းပွဲ ကစားဖို့ရှိပြီး ဒီပွဲကို စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ အခမဲ့ လာရောက်အားပေးနိုင်တယ်လို့ သိရပါတယ်။