အမေရိကန်တွင် အလုပ်ထုတ်ခံခဲ့ရသူတဦးက လူ ၅ ဦးကိုပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေ

ဓာတ်ပုံ - ရိုက်တာ
909
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့နားက ကုန်လှောင်ရုံကနေ အလုပ်ထုတ်ခံရတဲ့ အမျိုးသားတဦးဟာ သူ့လုပ်ငန်းခွင်ဟောင်းကို ရောက်လာပြီး လူ ၅ ဦးကို အသေပစ်သတ်ခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ ဧပြီလက အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး ဇွန်လ ၅ ရက်နေ့မှာတော့ သူ့လုပ်ငန်းခွင်ဟောင်းကို ရောက်လာကာ လူ ၅ ဦးကို အသေပစ်သတ်ခဲ့ပြီးနောက် သူ့ကိုယ်သူလည်း သတ်သေခဲ့တယ်လို့ အောရိန့်မြို့နယ် ငြိမ်ဝပ်ပိပြားရေးအရာရှိ ဂျယ်ရီ ဒမ်းမင်းစ်က ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ် သံသယရှိသူဟာ ရာဇဝတ်မှု အသေးအဖွဲတွေကို ကျူးလွန်ဖူးတဲ့ သမိုင်းရှိပေမယ့် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုတော့ မရှိခဲ့ဘူးလို့ သူက သတင်းစာရှင်းလင်းပွဲမှာ ဆက်ပြောပါတယ်။
သူဟာ အပန်းဖြေလုပ်ငန်းသုံးနဲ့ အားလပ်ရက် အပျော်ခရီးသုံး ကားတွေအတွက် အဆင်တန်ဆာတွေထုတ်တဲ့ လုပ်ငန်းဆီကို မနက် ၈ နာရီလောက်မှာ သေနတ်တလက်၊ ဓားတချောင်းနဲ့ ရောက်လာခဲ့တာလို့လည်း ပြောပါတယ်။
ဓားကို မသုံးပေမယ့် အပြစ်မဲ့ လူ ၅ ဦးကို ပစ်သတ်ပြီး သူ့ကိုယ်သူ သတ်သေခဲ့တာလို့ ငြိမ်ဝပ်ပိပြားရေး အရာရှိက ဆက်ပြောပါတယ်။
အခင်းဖြစ်ရာ နေရာက လူ ၇ ဦး အသက်ရှင် ကျန်ရစ်ပါတယ်။
ဒီမြို့မှာပဲ မနှစ်က ပါ့စ် နိုက်ကလပ်မှာ ပစ်ခတ်မှုကြောင့် လူ ၄၉ ဦး သေဆုံးခဲ့ဖူးပါတယ်။