ကျောင်းတိုက်နှစ်တိုက် ချိပ်ဖွင့်၊ ကျောင်းတိုက်နှစ်တိုက် ချိပ်ပိတ်
အေးနိုင်
·
February 10, 2012
သက်ဆိုင်ရာက ရန်ကုန်တိုင်းအတွင်းက ချိပ်ပိတ် ဘုန်းကြီးကျောင်း ၂ ကျောင်းကို ဒီကနေ့ ပြန်လည် ဖွင့်လှစ်လိုက်ပြီး ကျောင်းတိုက်နှစ်တိုက်ကို ချိပ်ပိတ်လိုက်ပါတယ်။
ချိပ်ပိတ်ထားတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က မဂ္ဂင်ကျောင်းတိုက်ကို ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ သက်ဆိုင်ရာက ပြန်လည် ဖွင့်လှစ်ပေးလိုက်ပါတယ်။
မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးဣိန္ဒက “ကျောင်းကို လူမှုဖူလုံရေးဝန်ကြီး ဒေါက်တာမြင့်သိန်းရယ် တိုင်းသာသနာရေးရာဝန်ကြီး ဦးဇော်ဇော်ဦးရယ် ဦးဆောင်ပြီးတော့ လာဖွင့်ပေးပါတယ်။ ဘာအနှောင်အဖွဲ့မှ မပါပါဘူး။ အားလုံး အေးအေးချမ်းချမ်းပါပဲ” လို့ မိန့်ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ပုဇွန်တောင်မြို့နယ်မှာ ချိပ်ပိတ်ထားတဲ့ ရွှေတောင်ကျောင်းတိုက်ကိုလည်း ပြန်ဖွင့်ပေးခဲ့ပါတယ်။ အဲဒီကျောင်းရဲ့ ကျောင်းထိုင် ဦးပြည့်ကျော်က ခုလို မိန့်ပါတယ်။
“လူမှုဝန်ထမ်းဌာနက ဒု-၀န်ကြီးတယောက်နဲ့ သာသနာရေးမှူးနဲ့ မြို့နယ် အုပ်ချူပ်ရေးအာဏာပိုင် အဖွဲ့ဝင်တွေနဲ့ လာဖွင့်ပေးပြီး သော့အပ်သွားပါတယ်။ သူတို့လည်း ပြန်ထွက်သွားကြပြီ။ အားလုံး အေးချမ်းသွားပါပြီ။ ဆရာတော်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း သူတို့လုပ်တာပေါ့။”
ဗဟန်းမြို့နယ်အတွင်း ခြောက်ထပ်ကြီးဘုရားနားက သာသနာ့သိပံ္ပကျောင်းတိုက်နဲ့ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တွေကို သက်ဆိုင်ရာက ဒီကနေ့ ပြန်လည် ချိပ်ပိတ်ခဲ့ပါတယ်။ အဲဒီကျောင်းတိုက်တွေက ကိုယ်တော်တွေဟာ ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက်မှာ သီတင်းသုံးနေကြတယ်လို့ ဆိုပါတယ်။
အစိုးရက ၂၀၀၇ ခုနှစ် မေတ္တာပို့ စီတန်းလှည့်လည်မှုနဲ့ ဆက်စပ်တဲ့ မဂ္ဂင်ကျောင်းအပါအ၀င် ဘုန်းကြီးကျောင်းတွေကို ချိပ်ပိတ်သလို သံဃာတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ သံဃာတွေ ထောင်ကလွတ်တဲ့အခါ ကိုယ့်ကျောင်းကိုယ် ပြန်လည် သီတင်းသုံးတာကို ပြစ်မှုကျူးလွန်တယ်ဆိုပြီး ပြန်ချိပ်ပိတ်ထားတာပါ။
မဂ္ဂင်ဆရာတော်နဲ့ အတူ သံဃာတပ်ပေါင်းစု ခေါင်းဆောင် အရှင်ဂမ္ဘီရတို့လည်း မဂ္ဂင်ကျောင်းတိုက်ကနေ စနေနေ့က ဖယ်ပေးခဲ့ရပြီး အနီးအနားက သင်္ဃန်းကျွန်းမြို့နယ် ဥက္ကဋ္ဌ ဆရာတော် သီတင်းသုံးနေတဲ့ လယ်တီ ၀ိပဿနာကျောင်းတိုက်မှာ ပြောင်းရွှွှွှေ့ သီတင်းသုံးနေတာပါ။