Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော် ထိန်းချုပ် နယ်မြေတွင် တိုက်ပွဲဖြစ်ပွား
နန်းမြနဒီ
·
February 9, 2012
မြန်မာအစိုးရနဲ့  မကြာသေးခင်ကမှ  အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့  ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (အာစီအက်စ်အက်စ်) တပ်တွေနဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားနေပါတယ်။ [caption id="attachment_21037" align="alignleft" width="300" caption="ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် (ဓာတ်ပုံ - အံ့ဘုန်းမြတ်)"][/caption] ရှမ်းပြည်တပ်မတော် အမှတ် ၁ စစ်ဒေသထိန်းချုပ်နယ်မြေ တခုဖြစ်တဲ့ တာချီလိတ်မြို့နယ် အနောက်မြောက်ဘက်မှာ အစိုးရ တပ်ရင်း ခလရ ၂၁၁၊ ခမရ ၅၇၀ ၊ ၅၇၂ က တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည်တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲတွေအကြောင်း စုံစမ်းသိရှိထားတဲ့ ရှမ်းသံတော်ဆင့်သတင်းစဉ်က  အယ်ဒီတာချုပ်  ဦးခွန်စိုင်းက ခုလို ပြောပါတယ်။ “ဒီနယ်စပ်ကို ရွှေ့ပြောင်းဖို့ သူတို့ ဖိအားတွေ အကြီးအကျယ် ပေးတဲ့အခါကျတော့ အက်စ်အက်စ်အေ ဘက်က ဘာပြောလဲဆိုတော့ မြို့နဲ့ လမ်းမကြီးတွေမှာ ဆိုလို့ရှိရင်တော့ ဒါတွေဟာ တပ်မတော်ကနေ လှုပ်ရှားတဲ့နေရာ ဒီနေရာတွေကို တိုက်ခိုက်ဖို့ အရင်တုန်းက အစီအစဉ်တွေ ရှိပေမယ့်  အခုတော့ ရပ်တန့်လိုက်ရပြီ။ ထိုနည်းတူ တပ်မတော်ဘက်ကနေပြီးတော့မှ ဒီမြို့ပြင်ဘက်မှာ ကျေးရွာတွေမှာ၊ တောတောင်တွေမှာ လှုပ်ရှားဖို့ဆိုတာ ရှမ်းပြည်တပ်မတော်ကို အကြောင်းမကြားဘဲနဲ့ သူတို့ မလှုပ်ရှားဘူး။ အဲဒီလိုမျိုး သဘောတူညီချက် ရထားတယ်။ ဒီတော့ သူတို့က မဆုတ်နိုင်ဘူးပေါ့။ အဲဒီလိုနဲ့ ဖိအားပေးရင်နဲ့ မလွှဲသာမရှောင်သာနဲ့ သူတို့ တိုက်ရတာ။ ၇ ရက်နေ့မှာ ဖြစ်တယ်။” [caption id="attachment_21038" align="alignleft" width="300" caption="ဦးခွန်စိုင်း (ဓာတ်ပုံ - သျှမ်းသံတော်ဆင့်)"][/caption] နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရမှု အရေအတွက် ဘယ်လောက် ရှိသလဲဆိုတာကတော့ မသိရသေးပါဘူး။ ဖေဖော်ဝါရီ ၆ ရက် နေ့တုန်းကလည်း ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးလုံ ဒေသထဲမှာ ရှိတဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တပ်စခန်းတခုကို အစိုးရတပ်ရင်း ခလရ ၃၁၄ ၊ ၂၇၇၊ ခမရ ၅၂၈ ဘက်က စစ်သည်တွေက လက်နက်ကြီးတွေနဲ့ ၀င်ပစ်သွားတယ်လို့ ဒေသခံတွေနဲ့ ရှမ်းပြည်တပ်မတော် တပ်မှူးတဦးက အတည်ပြု ပြောတယ်လို့  ဦးခွန်စိုင်းက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ဘက်ကလည်း တြိဂံတိုင်း တိုင်းမှူး ဆီကို အကြောင်းကြားစာ တစောင် ပေးပို့ထားပြီး  နောက်ဆုံးရ သတင်းကတော့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဌာနချုပ်က စစ်မြေပြင်မှာရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့အားလုံးကို သတိရှိရှိနေကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ရှမ်းပြည်တပ်မတော်/ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဟာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က တောင်ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။ အစိုးရတပ်က ရှမ်းပြည်သူတွေအပေါ်မှာ အခွင့်အရေး ချိုးဖောက်လာခဲ့မယ် ဆိုရင်တော့ ငြိမ်းချမ်းရေးစာချုပ် ပျက်ပြယ်တယ်လို့ ယူဆပြီး   ပြန်တိုက်ဖို့ အသင့်ရှိတဲ့အကြောင်း ရှမ်းပြည်တပ်မတော် စစ်ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး ရွက်ဆစ်က ၆၅ နှစ်မြောက် ရှမ်းအမျိုးသားနေ့  မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024