ဥဒွန်းဌာနီ မစ္စဂရန်းအလှမယ် ကားမတော်တဆဖြစ်မှုအတွင်း သေဆုံး
DVB
·
June 3, 2017
ဥဒွန်းဌာနီကိုယ်စားပြု မစ္စဂရန်းအလှမယ် ရာတာနာရမ်ချက်ဟာ ထိုင်းနိုင်ငံလုံးဆိုင်ရာ မစ္စဂရန်းအလှမယ်ပြိုင်ပွဲအတွက် သူငယ်ချင်းတဦးနဲ့ ဘန်ကောက်မြို့သွားစဉ် ဇွန်လ ၁ ရက်နေ့ မနက်က ပရာချု့ပ်ခီရီခန်ဒေသမှာ ကားမတော်တဆမှုအတွင်း သေဆုံးသွားတယ်လို့ သိရပါတယ်။
အသက် ၁၉ နှစ်အရွယ် ရာတာနာက သူမရဲ့ခရိုင်မှာ ကျင်းပတဲ့ မစ္စဂရန်း ဥဒွန်းဌာနီ အလှမယ်ဆုကို ရရှိပြီး ၄ ရက်အကြာမှာ ဒီလို ကားမတော်တဆဖြစ်မှုအတွင်း သေဆုံးခဲ့တာလို့ သိရပါတယ်။
ရာတာနာက ထိုင်းနိုင်ငံတဝှမ်းလုံးအနေနဲ့ ပြုလုပ်ကျင်းပမယ့် မစ္စဂရန်းထိုင်းလန်း အလှမယ်ပြိုင်ပွဲမှာ သူမရဲ့ခရိုင်ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။
ရာတာနာနဲ့ သူမရဲ့သူငယ်ချင်းက ဖက်ခဆမ်အဝေးပြေးကားလမ်းမကြီးပေါ်မှာ ကားမောင်းလာစဉ် သူမရဲ့သူငယ်ချင်း ပါဗီနာအိမ်ကိုဆာက သစ်ပင်တပင်ကို ဝင်တိုက်မိပြီး ကားလမ်းရဲ့ဘေးဖက်ရှိ ရေမြောင်းထဲ ကားက ထိုးဆင်းသွားတာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးတွေ ရောက်လာပြီး သူတို့ ၂ ဦးကို ဒေသတွင်းဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ပါဗီနာက ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် အလှမယ်ရာတာနာက သိပ်မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ အတည်ပြုပြောကြားကြောင်း ထိုင်းပီဘီအက်စ်သတင်းက ထုတ်ပြန်ထားပါတယ်။
လူမှုကွန်ရက်စာမျက်နှာထက်မှာ အလှမယ်ပြိုင်ပွဲကော်မတီ အလှမယ်ရဲ့သူငယ်ချင်းတွေနဲ့ ပရိသတ်တွေက သူတို့ရဲ့ကြေကွဲ ဝမ်းနည်းကြောင်းတွေကို ရေးသားထားကြောင်း ကိုကိုးနက်ဘန်ကောက် အင်တာနက်စာမျက်နှာမှာ ဇွန်လ ၂ ရက်နေ့က ရေးသားထားပါတယ်။