Home
ဆောင်းပါး
ကမ္ဘာစောင့်တရားများ ထွန်းကားပါစေ
DVB
·
June 2, 2017
မကောင်းမှု လုပ်ဆောင်ရမှာ၊ ကာယဒုစရိုက်၊ ဝဇီဒုစရိုက်၊ မနောဒုစရိုက် စတဲ့ ဒုစရိုက် ၁၀ ပါးကို ကျူးလွန်ရမှာကို အရှက်တရား၊ အကြောက်တရားရှိခြင်း ဆိုတဲ့ ဟိရီ သြတ္တပ္ပဆိုတဲ့ တရားနှစ်ပါးဟာ ကမ္ဘာစောင့်တရား၊ လောကပါလတရား၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ် နတ်ဒေဝတာတွေ လိုက်နာကြတဲ့ ဒေဝဓမ္မတရား၊ ကမ္ဘာလောကကြီးကို ငြိမ်းချမ်းသာယာအောင် စောင့်ရှောက်တဲ့တရားတွေ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ သူတော်ကောင်းဖြစ်ဖို့အတွက် လိုက်နာပြည့်စုံအပ်တဲ့ သူတော်ကောင်းတရား ၇ ပါးကို  ဟောကြားတော်မူခဲ့ပါတယ်။ အဲဒီတရားတွေကတော့ (၁) ယုံကြည်ခြင်းဆိုတဲ့ “ သဒ္ဓါ ”။ (၂) ကိုယ်နှုတ်စောင့်စည်းခြင်း ဆိုတဲ့ “ သီလ ”။ (၃) မကောင်းမှု ဒုစရိုက်ပြုမှုကို ရှက်ခြင်း ဆိုတဲ့ “ ဟိရီ ”။ (၄) မကောင်းမှု ဒုစရိုက်ပြုမှုကို ကြောက်ခြင်း ဆိုတဲ့ “ သြတ္တပ္ပ ”။ (၅) အကြားအမြင်ရှိခြင်း ဆိုတဲ့  “သုတ”။ (၆) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ “စာဂ”။ (၇) ဟုတ်မှန်စွာ သိခြင်းဆိုတဲ့ “ပညာ” တို့ ဖြစ်ပါတယ်။ အဲဒီသူတော်ကောင်းတရားတွေထဲက အမှတ် (၃) တရားဖြစ်တဲ့ မကောင်းမှု ဒုစရိုက်ပြုမှုကို ရှက်ခြင်း ‘ဟိရီ’ ဆိုတာဟာ မဟုတ်တာလုပ်ရမှာကို ရှက်တာ၊ စက်ဆုပ်တာ၊ လိမ်ပြောရမှာ ရှက်တယ်။ မကောင်းတာလုပ်ရမှာ ရှက်တယ်၊ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကြည့်တယ်၊ ငါ့အရွယ် ဒါမလုပ်ထိုက်ဘူး၊ ငါ့လို ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါ မလုပ်ထိုက်ဘူး၊ ငါ့လို အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်လျက်နဲ့ ဒါ မလုပ်ထိုက်ဘူး၊ ငါ့လို စဉ်းစားဉာဏ်ရှိတဲ့သူက ဒါ မလုပ်ထိုက်ဘူးဆိုပြီး ကိုယ့်အရည်အသွေး တမျိုးမျိုးကို အာရုံပြုပြီး ဟီရိကို တိုးပွားစေရမယ်။ မကောင်းတာ မလုပ်ဖို့ ရှောင်ကြဉ်တဲ့ သဘောတရားတခုပဲ။ ကိုယ့်သိက္ခာကို လုံအောင်ထိန်းတယ်။ မတော်တဆ လိမ်မိပြီးရင် “သြော် ငါလိမ်ထားတာပါလား" လို့ ရှက်၍ မဆုံးဘူး။ ဟီရိ မရှိတဲ့သူက မရှက်ဘူး၊ မျက်နှာပြောင်တယ်။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှု ဒုစရိုက်တို့ကိုပြုရန် ရှက်ခြင်း  ဖြစ်ပါတယ်။ အမှတ် (၄) တရားဖြစ်တဲ့ မကောင်းမှု ဒုစရိုက်ပြုမှုကို ကြောက်ခြင်းဆိုတဲ့ သြတ္တပ္ပ ဆိုတာဟာ မကောင်းတာလုပ်ဖို့အတွက် လန့်တယ်၊ ကြောက်တယ်။ ဘယ်လိုတွေးပြီး စိတ်ထိန်းတာလဲ ဆိုတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ရှေ့မှာ မျက်နှာမပြရဲမှာ ကြောက်တယ်။ ငါ ဒါတွေလုပ်လိုက်ရင် ငါ့အမေကို ထိခိုက်မယ်၊ အဖေ့ကို ထိခိုက်မယ်။ ငါ့အမျိုးတွေ ငါ့ပတ်ဝန်းကျင်ကို ထိခိုက်မယ်ပေါ့။ သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှုဒုစရိုက် ၁၀-ပါးတို့ကို ပြုရမှာကို ကြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီတရား နှစ်ပါးဟာ လောကကြီးကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။ ဒီ ဟီရိ သြတပ္ပ ရှိတဲ့အတွက်ကြောင့် လူဟာ ဂုဏ်သိက္ခာအပြည့်ရှိနေတာ ဖြစ်တယ်။ ဒီ ဟီရိ သြတပ္ပ မရှိရင်တော့ လူဟာ ဂုဏ်သိက္ခာမဲ့တဲ့ပုဂ္ဂိုလ် ဖြစ်သွားတော့တာပါပဲ။ ဒီကနေ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ မိမိပါတီ အာဏာအကျိုးအတွက်သော် လည်းကောင်း၊ မိမိအဖွဲ့အစည်း၊ မိမိချစ်ခင်သူအကျိုးအတွက်သော် လည်းကောင်း၊ မိမိကိုးကွယ်ရာ ဘာသာ စောင့်ရှောက်ဖို့ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ အရှက်အကြောက်မဲ့ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုရေးသားနေသူတွေ၊ သူတော်ကောင်းတွေအပေါ် သွားပုပ်လေလွင့် ပြောဆို၊စော်ကားနေတဲ့ ရှင် ရဟန်း လူပုဂ္ဂိုလ်တွေနဲ့ ထိုသူတို့ကို ထောက်ခံနေကြသူများ၊ ကာကွယ်ပေးနေကြသူများ၊ နောက်ကွယ်က အားပေးအားမြှောက်  ပြုနေသူတွေ အားလုံးဟာ ဘုရားဟော တရားတွေနဲ့ လောကပါလတရားတွေကို ရိုက်ချိုးဖျက်ဆီးနေကြတဲ့ အဖြစ်ကို မသိသား ဆိုးရွားစွာ ကျူးလွန်နေကြတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် မိမိဝန်းကျင်၊ မိမိအဖွဲ့အစည်းထဲမှာ အဆိုပါ ကမ္ဘာစောင့်တရားများကို မထိန်းသိမ်းဘဲ ဆဲဆိုရေးသား အကုသိုလ်ပွား ဖျက်ဆီးနေကြတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းသံဃာများရှိရင် ဝိုင်းပြုပြင်ဆုံးမ ရှုတ်ချခြင်းကို ဘက်လိုက်ခြင်း ကင်းကင်းဖြင့် ကောင်းမှုပြုကြဖို့ချိန် ကျရောက်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က အင်းစိန်မြို့ အောင်ဆန်းတောရတပ်ဦးကျောင်းမှာ ပြုလုပ်ခဲ့တဲ့ မဘသအဖွဲ့ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝီရသူမှ သာသနာရေးနဲ့ ယဉ်ကျေးမှုဌာန  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ရည်ရွယ်ပြီး "လကောင်ကြီး" လို့ အော်ဟစ်ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ဦးဝီရသူက သမ္မတကြီး ဦးထင်ကျော်ကို စုနှစ်စုကြား ဗျာများနေတဲ့ သမ္မတကြီးလို့ စော်ကားပြောဆိုခဲ့ပါတယ်။ " x x သီပေါမင်းကတော့ စုဖုရားကြီးနဲ့ စုဖုရားလတ်ကြားမှာ ဗျာများပြီးတော့ ခေါင်းတော်တော် ကိုက်ခဲရတဲ့ မင်း... တို့သမ္မတကြီးကလည်း ရှေ့စု (ဒေါ်အောင်ဆန်းစုကြည်) နဲ့ နောက်စု (ဒေါ်စုစုလွင်)ကြားမှာ ... စုနှစ်စုကြား ဗျာများနေတဲ့ သမ္မတကြီး x x" ဆိုပြီး အဓိပ္ပာယ် နှစ်ခွထွက်တဲ့ စကားလုံးတွေ၊ ထေ့ငေါ့တဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုပုတ်ခတ်ခဲ့တာပါ။ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်မချမ်းမြေ့စရာ၊ အကုသိုလ်ပွားစရာ ဖြစ်စေခဲ့တာပါပဲ။ အခုလို တနေ့တခြား ပိုမိုဆိုးဝါးစွာ စော်ကားပြောဆိုပြီး မသိနားမလည်သူတွေကို လမ်းမှားပို့ပြီး နမူနာဆိုးနဲ့ အတင့်ရဲစွာ လုပ်ဆောင်လာတာကို ရေငုံနှုတ်ပိတ်နေခြင်းဟာ … အဲဒီကိုယ်တော်ရဲ့ မဟုတ်တမ်းတရား လုပ်ဆောင်မှုကို ထောက်ခံကူညီရာ ရောက်ပါတယ်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ သမိုင်းနဲ့ လုပ်ရပ်တွေကို ၂၀၀၃ ခုနှစ်လောက်ကနေ ဒီကနေ့ အချိန်ထိအောင် မှတ်တမ်းရှိခဲ့တဲ့  ကိုယ်တော်ရဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုမှတ်တမ်းတွေ၊ အင်တာနက်ပို့စ်တွေက သက်သေထူနေသလို ကိုယ်တော်ရဲ့ အလုပ်သုံးပါးကံတွေက လက်ညှိုးညွှန်ပြနေပါတယ်။ (၁) မွတ်ဆလင်မုဒိမ်းမှုသပ်သပ်ကိုသာ မီးမောင်းထိုးပြခဲ့တယ်။ စနစ်မမှန်၊ အုပ်ချုပ်မှုမမှန်ခဲ့လို့ ဖြစ်နေရတဲ့ ဘင်္ဂါလီကိစ္စတွေကို ထောက်ပြပြီး မငြိမ်မသက်ဖြစ်အောင် လူတွေ စိုးရိမ်ပူပန်အောင်၊ အကြမ်းဖက် အဖြေရှာချင်လာအောင် ဆွပေးသလိုဖြစ်ခဲ့ရုံသာမက…ရခိုင်နယ်စပ်၊ ကချင်ပြည်၊ ရှမ်းပြည်နဲ့ တရုတ်နယ်စပ်တွေမှာ အဲဒီလို နယ်စပ်စည်းရိုးတွေ မလုံမခြုံ ဖြစ်စေရာမှာ တာဝန်တကယ်ရှိသူတွေ ဖြစ်တဲ့ စစ်အာဏာရှင်ဟောင်းတွေကို ဘေးဖယ်ထားပြီး ပြုပြင်ဖို့ ကြိုးစားနေတဲ့ ပြည်သူထောက်ခံမှု အများဆုံးရနေတဲ့ အန်အယ်လ်ဒီပါတီကို လက်ညှိုးထိုး အပြစ်ပုံချနေခဲ့ပါတယ်။ (၂) ဘာသာခြား၊ လူမျိုးခြားမုန်းတီးမှုကို တောက်လောင်စေမယ့်၊ အထင်လွဲမှားစေမယ့်တရားတွေ စိုက်လိုက်မတ်တတ် ဟောခဲ့တယ်။ အတိုက်အခံ ပါတီကို မွတ်ဒေါင်းဟူသောစကားဖြင့် စွတ်ဆွဲတိုက်ခိုက်မှု ပြုခဲ့တယ်။ အန်အယ်လ်ဒီ အရပ်သားအစိုးရက ဗုဒ္ဓဘာသာ သာသနာကို ဖိနှိပ်သယောင် အားမပေးသယောင် အထင်မှားအောင် ပြောဆိုခဲ့တယ်။ (၃) ကုလသမဂ္ဂက နိုင်ငံခြားသံတမန်ကို လူသာမန်တွေတောင် မပြောအပ်တဲ့ ယုတ်ညံ့တဲ့ ဖရုဿဝါစာစကားတွေနဲ့ ဝစီဒုစရိုက်ကံကျုးလွန်ပြီး ဗုဒ္ဓဘာသာအပေါ် ကမ္ဘာ့အလယ်မှာ အထင်သေးစေခဲ့ရုံမက မြန်မာ့အမျိုးသားရေးလက္ခဏာတရပ် ဖြစ်တဲ့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်တဲ့ဂုဏ်ကို ဖျက်ဆီးပြီး ရှေ့ဆောင်နမူနာဆိုးကို ပြသခဲ့တယ်။ (၄) ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်စေဖို့ အများပြည်သူတို့ အားကိုးအားထားရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မဲမပေးဖို့ ပြောဆိုစည်းရုံးခဲ့တယ်။ စစ်အာဏာရှင်ဟောင်း အသိုင်းအဝိုင်းကိုသာ မဲပေးကြဖို့ ပြည်သူအများစုဆန္ဒကို ဆန့်ကျင်ပြီး တိုက်တွန်းခဲ့တယ်။ (၅) ရွေးကောက်ပွဲပြီးလို့ ပြည်သူအများစုမဲဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ အန်အယ်လ်ဒီ အရပ်သားပြည်သူ့အစိုးရကို သဲကြီးမဲကြီး အပြစ်ရှာပြီး ပြည်သူတွေ အထင်လွဲပြီး ထောက်ခံမှု လျော့ကျအောင် အစဉ်တစိုက် ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။ (၆) ကုလားကို ယူမယ့်အစား... ခွေးကို အမြီးဖြတ်ယူကြလို့ ပြောရုံတင်မက မလုံလောက်ရင် သံဃာတွေလွှတ်လိုက်မယ်ဆိုတဲ့ တရားဟော သံဃာတပါးအနေနဲ့ မပြောအပ်တဲ့ စကားတွေကို တရားနာပရိသတ်တွေကို ဟောပြောခဲ့တယ်။ (၇) အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအကြံပေးရှေ့နေကြီး ဦးကိုနီ အသတ်ခံရတဲ့ ကိစ္စအပေါ် ဘုရားသားတော်တပါးအနေနဲ့ မပြုသင့်သော ဝမ်းမြောက်တဲ့ သဘောမှတ်ချက်တွေ ပြုတယ်။ လူသတ်မှု ကျူးလွန်သူတွေကို ကျေးဇူးတင်တဲ့သဘော ပြောလို့ နောက်ထပ် ပါဏာတိပါတာကံ ကျုးလွန်ကြဖို့ အားပေးထောက်ခံ တွန်းအားပေးခဲ့တယ်။ (၈) ပြည်သူတွေရဲ့ဆန္ဒဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဆန့်ကျင်ပြီး မပြင်ဆင်လိုတဲ့အပြင် ပြင်ဖို့ ကြိုးစားနေသူတွေကို ကြည်လင်တွေအများကြီး ရှိသေးတယ်လို့ ခြိမ်းခြောက်တားမြစ်ခဲ့တယ်။ (၉) အရွယ်အားဖြင့် အဘိုး အဘွားအရွယ် ရှိနေတဲ့အပြင် ဂါရဝတရားနဲ့ ဝါစဉ်အားဖြင့် နိုင်ငံ့ခေါင်းဆောင်အဆင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာမဲ့စွာ စော်ကားအပုပ်ချနေတဲ့ ပဲခူးက မိန်းမငယ်လေးကို ဆုံးမပဲ့ပြင်ရမယ့်အစား သူမကို ထိုက်သင့်တဲ့ အပြစ်ပေး ထောင်ချတဲ့အခါ wira thu (follower) ၃ သိန်းကျော်ရှိတဲ့ အကောင့်ကနေ အားပေးအားမြှောက်ပြုရုံမက ယုတ်ညံ့တဲ့ ဖရုဿဝါစာစကားလုံးတွေနဲ့ မှတ်ချက်ပြုခဲ့တယ်။ (၁၀) မေလ ၂၇ ရက်နေ့က အင်းစိန်မြို့ အောင်ဆန်းတောရတပ်ဦးကျောင်းမှာ ပြုလုပ်ခဲ့တဲ့ မဘသအဖွဲ့ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝီရသူမှ သာသနာရေးနဲ့ ယဉ်ကျေးမှုဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကို ရည်ရွယ်ပြီး " လကောင်ကြီး " လို့ အော်ဟစ်ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ (၁၁) ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မဘသညီလာခံမှာ သမ္မတကြီး ဦးထင်ကျော်ကို စုနှစ်စုကြား ဗျာများနေတဲ့ သမ္မတကြီးလို့ သီပေါမင်းနဲ့ နှိုင်းယှဉ်တာဟာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပေးစားတဲ့ သဘောမျိုးသက်ရောက်တဲ့ အဓိပ္ပာယ်နှစ်ခွထွက်တဲ့ စကားလုံးဖလှယ်ပြီး ထပ်မံစော်ကားပြန်ပါတယ်။ ဒီတော့ အနာဂတ် ထေရဝါဒ ဗုဒ္ဓဘာသာ သန့်ရှင်းတည်တံ့ရေးအတွက်တင် မကပါဘူး။ မြန်မာနိုင်ငံသား အနာဂတ်မျိုးဆက်သစ်တွေ ရေလိုက်မလွဲဖို့ ဝဇီဒုစရိုက်ကံတွေ အလွယ်တကူ မကျုးလွန်အောင် ဝိုင်းဝန်း တားမြစ်ကြဖို့အချိန် ရောက်လာပါပြီ။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးအနေနဲ့ တဖက်မှာ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဓမ္မစကူးလ်တွေဖွင့်ပြီး ဆောင်ရွက်နေပေမယ့် တဖက်မှာတော့ ဆန့်ကျင်ဘက်သဘော ဦးဆောင်ဆရာတော်တပါးနဲ့ နောက်လိုက်တချို့က ဝစီဇီဒုစရိုက်ကံကို လူပုံအလယ်မှာ အတင့်ရဲစွာ ကျုးလွန်နေတာကို အဖွဲ့အစည်းရဲ့ စည်းကမ်းဝိနည်းတွေနဲ့ ဆုံးဖြတ်ပြီး အရေးမယူဘဲ ဆက်လွှတ်ထားရင် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ မမှန်တဲ့လမ်း လျှောက်နေတာတွေကို ဆုံးမပဲ့ပြင်ဖို့ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံသားတိုင်း လောကတ္ထစရိယ ဆောင်ရွက်ကြရာ သာသနာ့ဝန် ထမ်းကြရာမှာ ဘုရားဟောတရားတွေနဲ့အညီ၊ လောကပါလတရား ဗြဟ္မစိုရ်တရား လေးပါး၊ ဂါရဝတရား၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အစဉ်အလာကောင်းများ ထိန်းသိမ်းရင်း အမျိုးသားရေးလက္ခဏာကောင်းများနဲ့အညီ နိုင်ငံရေးအသိ မြင့်မားစွာဖြင့် အမှားအမှန် စိစစ်ထောက်ခံရာမှာ ဆန္ဒစွဲကင်းစွာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်ပိုင်းလို့ ကောင်းသောကံများသာ ပြုနိုင်ကြပါစေ။ အမျိုးဘာသာ သာသနာကို ဘုရား၊ ရဟန္တာ၊ အရိယာသူတော်စဉ်တို့ လမ်းစဉ်နဲ့အညီ မှန်ကန်သော နည်းလမ်းများနဲ့ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။ လေးစားစွာဖြင့် (မင်းကောင်းချစ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024