ဖိလစ်ပိုင် အပန်းဖြေစခန်း တိုက်ခိုက်ခံရမှုကြောင့် ၃၄ ဦး သေဆုံး

798
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာက World Manila အပန်းဖြေစခန်းထဲမှာ ဒီနေ့မနက် အစောပိုင်းက သေနတ်သမားတဦးရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးအများစုအပါဝင် အနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ရတယ်လို့ ဖိလစ်ပိုင်ရဲတွေက ပြောပါတယ်။
သေဆုံးသူ အများစုက မီးခိုးမွှန်လို့ မွန်းကြပ် သေဆုံးတာလို့ ရဲက ဆိုပါတယ်။ သေနတ်သမားဟာ ဟိုတယ်ခန်းထဲမှာ သူ့ကိုယ်သူ မီးရှို့သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့ ညွှန်ချုပ် ရိုနယ် ဒေလာ ရိုစာက သတင်းထောက်တွေကို ပြောပါတယ်။
ဟိုတယ်နဲ့ လောင်းကစားရုံအတွင်း ပစ်ခတ်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု ဆိုတဲ့ အချက်ကို ပယ်ချပါတယ်။
လုံခြုံရေးကင်မရာက ရတဲ့ ရုပ်သံအရ တကိုယ်တော် သေနတ်သမားဟာ နိုင်ငံခြားသားနဲ့ ဆင်တူတယ်လို့လည်း သူက မှတ်ချက်ပြု ပြောဆိုပါတယ်။
သူဟာ လောင်းကစားရုံထဲအဝင်မှာရှိတဲ့ LED ရုပ်သံ မျက်နှာပြင်ကို သေနတ်နဲ့ ပစ်ခဲ့သလို လောင်းကစား တိုကင်ပြားတွေ ထားတဲ့ အခန်းထဲမှာလည်း လေထဲကို သေနတ်နဲ့ ပစ်ခဲ့တယ်၊ အဲဒီနောက် တိုကင်ပြားတွေကို သူ့အိတ်ထဲ ထည့်ခဲ့ပေမယ့် အိတ်ကိုတော့ အခင်းဖြစ်ရာ နေရာမှာ ထားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီလုပ်ရပ်အရ အကြမ်းဖက် လုပ်ရပ်မဟုတ်ဘဲ လက်နက်ကိုင် လုယက်မှုလို့ သူတို့က ဆုံးဖြတ်ကြောင်းလည်း ပြောပါတယ်။
ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေ ဘေးကင်းတာ သေချာစေရေး ကုမ္ပဏီက ဖိလစ်ပိုင် အမျိုးသား ရဲဌာနနဲ့ ပူးပေါင်းလုပ်ဆောင် နေတယ်လို့ အပန်းဖြေစခန်းရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာရှိချုပ် စတီဖင် ဂျိမ်းစ် ရေးလီက ပြောပါတယ်။
ရဲတွေက အပေါ့စား သံချပ်ကာ ကားတွေ၊ မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေ၊ ရဲကားတွေ စေလွှတ်ထားပါတယ်။