A d v e r t i s e m e n t With Us

နှစ်လောင်းပြိုင်လူသတ်မှု ဇနီးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းဖြစ်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

သာကေတမြို့နယ် နှစ်လောင်းပြိုင်လူသတ်မှုမှ စစ်ဆေးဖော်ထုတ်ချက်အရ အိန္ဒိယနိုင်ငံသားဟာ ဇနီးဖြစ်သူကိုသတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဇွန် ၁ ရက်နေ့ညက သတင်းထုတ်ပြန်ပါတယ်။ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး၊ မြရည်နန္ဒာအိမ်ရာဝင်း အမှတ် ၈ နေအိမ်မှာ ဇွန် ၁ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ အသက် ၄၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသား VICTOR RAJ နဲ့ ဇနီးဖြစ်သူ မခိုင်စပယ်နှင်းအောင် (၃၁) နှစ်တို့ သေဆုံးနေ ကြောင်း ဖခင်ဖြစ်သူရဲ့ တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်းက (ပ)၅၇၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အသေးစိတ်စုံစမ်း စစ်ဆေးချက်အရ သေဆုံးသူ VICTOR RAJ ဟာ အလုပ်အကိုင် ၇ ကြိမ် ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ အလုပ်အကိုင်မရှိဘဲ အခြားသူတွေကိုလည်း အကြွေး အမြောက်အမြား ပေးဆပ်ဖို့ရှိတဲ့အပြင် ဇနီးဖြစ်သူကိုလည်း ငွေကျပ် သိန်း ၅၀ ပေးဖို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခင်းဖြစ်နေ့မှာ VICTOR RAJ က နေအိမ်ကို သန့်ရှင်းရေး ဝင်ရောက်မလုပ်ဖို့ အိမ်အကူတွေကို မှာကြားခဲ့တယ်၊ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးအုန်းမြင့်ကိုလည်း သူ့အား ဘယ်သူလာမေးမေး နေအိမ်မှာမရှိဘဲ နိုင်ငံခြားကို ပြန်သွားတယ်လို့ ပြောဆိုဖို့  မှာကြားထားကြောင်း ဆိုပါတယ်။ အခင်းဖြစ်တဲ့နေ့က နေအိမ်အတွင်းမှာ လင်မယားနှစ်ဦးသာရှိပြီး အိမ်အကူနဲ့ လုံခြုံရေး ဝန်ထမ်းတို့ဟာ နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေကြောင်း၊ ည ၇ နာရီလောက်မှာ ညီမဝမ်းကွဲ မခိုင်နှင်းဝေက အစ်မဖြစ်သူ မခိုင်စပယ်နှင်းအောင် အပြင်ထွက်မလာလို့ အိပ်ခန်းတံခါးကို သွားခေါက်ရာ အတွင်းက ဘာအသံမျှ မကြားရသလို ဖုန်းကိုခေါ်ဆိုရာလည်း လက်ခံဖြေကြားခြင်းမရှိဘူးလို့ သိရှိရပါတယ်။ အခင်းဖြစ်ရပ်မှာ တွေ့ရှိရတဲ့ တူနဲ့ဓားမအား သေဆုံးသူ VICTOR RAJ က မေ ၃၀ ရက်နေ့က Capital Hyper Market မှ ကိုယ်တိုင်ဝယ်ယူခဲ့ကြောင်း Capital Hyper Market ရဲ့ CCTV မှတ်တမ်း အထောက်အထားတွေနဲ့ ငွေရှင်းပြေစာဘောက်ချာမှတ်တမ်းအထောက် အထားတွေ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ရရှိတဲ့ဒဏ်ရာတွေအရ ၀ဲ/ယာလက်ကောက်ဝတ်မှာ သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ၁ ချက်စီ၊ ဝမ်းဗိုက်အထက် ရင်ညွန့်ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်မှာ ဖိုးသွင်းဒဏ်ရာ ၂ ချက်ရရှိပြီး မခိုင်စပယ်နှင်းအောင်မှာ လည်ပင်းခုတ်ထစ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာနားထင် တူနဲ့ထုတဲ့ ချိုင့်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူ VICTOR RAJ ဟာ မသေဆုံးမီက Capital Hyper Market မှ တူနဲ့ဓားမ ဝယ်ယူခဲ့တာ၊ ပေးဆပ်ရန်အကြွေးတွေရှိနေတာ၊ ဒဏ်ရာတွေမှာလည်း မိမိကိုယ်မိမိ သတ်သေဖို့ ရည်ရွယ်ပြီး ဝဲ/ယာ လက်ကောက်ဝတ်မှာ သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ၁ ချက်စီ တွေရှိရတဲ့အပြင် ဇနီးဖြစ်သူရဲ့ ဒဏ်ရာမှာလည်း တူနဲ့ ထုတဲ့ ချိုင့်ဝင်ဒဏ်ရာ တွေ့ရှိရလို့ VICTOR RAJ ဟာ ဇနီးဖြစ်သူအား တူနဲ့ဓားကိုအသုံးပြုကာ သတ်ပြီးနောက် မိမိကိုယ်မိမိ သတ်သေခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ နေအိမ်အ၀င်တံခါးမကြီး၊ ခြံဝင်းတံခါးနဲ့ ခြံစည်းရိုးလုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ CCTV ကင်မရာ ၄ လုံးကို မေ ၃၁ ရက်နေ့ မနက် ၆ နာရီမှ ဇွန်လ ၁ ရက်နေ့ မနက် ၈နာရီအထိ စစ်ဆေးချက်မှတ်တမ်းအရနဲ့ လုံခြုံရေးဝန်ထမ်း ဦးအုန်းမြင့်ရဲ့ ပြောပြချက်တွေအရ နေအိမ်ခြံဝင်းအတွင်း ဝင်ထွက်သွားလာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ အမှုနဲ့စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ ဖော်ထုတ်ရရှိချက်တွေအပေါ်  အများပြည်သူသိရှိစေဖို့ အသိပေးဖော်ပြခြင်းဖြစ်ပြီး အမှုကို သက်သေ အထောက်အထား ခိုင်လုံစွာရရှိဖို့ ဆက်လက်စုံစမ်း စစ်ဆေးဖော်ထုတ် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။ ဓာတ်ပုံ - Yangon Police

A d v e r t i s e m e n t With Us

More News
Up