DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့​တွင် မွန်အမျိုး​သား​နေ့​ ပြန်လည်ကျင်း​ပခွင့်​ရ
DVB
·
February 8, 2012
Donate to DVB

ရန်ကုန်မြို့​မှာ ဆယ်စုနှစ် တခု​ကျော် ကျင်း​ပခွင့်​မရခဲ့​တဲ့​ မွန်အမျိုး​သား​နေ့​အခမ်း​အနား​ကို ဒီနှစ် ပြန်လည်ကျင်း​ပခွင့်​ရခဲ့​တယ်လို့​ ရန်ကုန် မွန်အမျိုး​သား​နေ့​ ဖြစ်​မြောက်​ရေး​ကော်မတီ ဥက္ကဋ္ဌ နိုင်​ဖေတင်က ​ပြောပါတယ်။

“အရင်နှစ်​တွေက​တော့​ ကျ​နော်တို့​ မိတ်ဆုံစား​ပွဲ​လောက်ပဲ လုပ်ခွင့်​ရှိတယ်​လေ။ အခု အစိုး​ရ သစ်လက်ထက်မှာ ၆၅ နှစ်​မြောက် ဒီနှစ်မှာ ပြန်ဖွင့်​ပေး​တယ်။ ကျ​နော်တို့​ ဒီနှစ်မှာ ထူး​ထူး​ခြား​ခြား​လေး​ လုပ်နိုင်တာ​ပေါ့​နော်။ အခု ငြိမ်း​ချမ်း​ရေး​လည်း​ ရပြီ။ အစိုး​ရသစ်လည်း​ ​ပြောင်း​ပြီဆို​တော့​ ကျ​နော်တို့​ကို ဖွင့်​ပေး​တယ်လို့​ ထင်တယ်။ ဒီနှစ်​တော့​ တရက်ပဲ ကျင်း​ပတယ်။ လာမယ့်​ နှစ်မှာ​တော့​ နှစ်ရက်​လောက် ကျင်း​ပမယ်လို့​ စဉ်း​စား​ထား​တယ် ပွဲစဉ် များ​များ​လေး​ ထည့်​နိုင်​အောင်လို့​ပါ။”

ဒီက​နေ့​ ကျ​ရောက်တဲ့​ ၆၅ နှစ်​မြောက် မွန်အမျိုး​သား​နေ့​အခမ်း​အနား​ကို ရန်ကုန်မြို့​က ပြည်သူ့​ရင်ပြင်နဲ့​ ပြည်သူ့​ဥယျာဉ်မှာ ကျင်း​ပခဲ့​တာဖြစ်ပြီး​ မွန်ပြည်နယ်ထွက် ကုန်စည်နှင့်​အစား​အစာ​ရောင်း​ချပွဲ၊​ မွန်ရိုး​ရာအက၊​ ​တေး​ဂီတ၊​ ယဉ်​ကျေး​မှု ပ​ဒေသာ အက​တွေနဲ့​ အတူ မွန်ဘုရင်မကြီး​ ရှင်​စောပု နန်း​တက်တဲ့​ ပြဇာတ်ကိုပါ အထူး​တင်ဆက်ခဲ့​ပါတယ်။

အလား​တူ ၆၅ ကြိမ်​မြောက် မွန်အမျိုး​သား​နေ့​ အထိမ်း​အမှတ်ပွဲ​တွေကို မွန်ပြည်နယ်၊​ ကရင်ပြည်နယ်၊​ ပဲခူး​တိုင်း​နဲ့​ ထိုင်း​-မြန်မာနယ်စပ်နဲ့​ နိုင်ငံအသီး​သီး​မှာ ကျင်း​ပခဲ့​ကြပါတယ်။

မွန်ပြည်နယ်က မွန်အမျိုး​သား​နေ့​ကို တနှစ်တ​နေရာ အလှည့်​ကျ ​နေရာ​ပြောင်း​ပြီး​ အကြီး​ကျယ်ဆုံး​ပွဲအဖြစ် ကျင်း​ပခဲ့​တာဖြစ်ပြီး​ ဒီနှစ်မှာ ကရင်ပြည်နယ် မွန်​ဒေသ ​ကော့​ဘိန်း​ရွာမှာ မ​နေ့​ကစပြီး​ ၃ ရက်တိုင်တိုင် ကျင်း​ပ​နေတယ်လို့​ ပွဲဖြစ်​မြောက်​ရေး​ ဗဟို​ကော်မတီဝင်တဦး​က ​ပြောပါတယ်။

“ဒီ​နေ့​က အမျိုး​သား​နေ့​ဆို​တော့​ တမြို့​လုံး​မှာ ဆိုင်ကယ်​တွေ အလံ​တွေထူပြီး​တော့​ ကား​တွေနဲ့​ မွန်ရိုး​ရာဝတ်စုံ​တွေနဲ့​ လှည့်​နေတာ။ ​မော်လမြိုင်က​နေ စက်စဲထိ လမ်း​တ​လျှောက်၊​ ကရင်ပြည်နယ်ဆိုလည်း​ ဗဟိုဌာနချုပ် ​မော်လမြိုင်က​နေစပြီး​ ရွာ​ပေါင်း​အကုန်လုံး​က ဆိုင်ကယ်​တွေ ကား​တွေက မွန်အလံ​တွေ ထူပြီး​တော့​ သွား​လာ​နေကြတယ်။ ဒီညဆိုရင် အ​လေး​ပြုမယ်။ ဌာနချုပ်က မွန်မျိုး​ချစ် ပုဂ္ဂိုလ်​တွေက ဂုဏ်ပြုဆု​ပေး​မယ်။ တခါမှ မလုပ်ဖူး​ဘူး​။ ဒီနှစ်မှစပြီး​ ​ကော့​ဘိန်း​မှာရှိတဲ့​ မွန်အဖွဲ့​က​နေ စပြီး​လုပ်တာ​ပေါ့​။”

မွန်ပြည်နယ်မြို့​တော် ​မော်လမြိုင်မှာ ဒီက​နေ့​မနက်က သံဃာ​တော်​တွေ ဆွမ်း​ကပ်ပြီး​ ည​နေပိုင်း​မှာ မွန်ပြည်နယ် ခန်း​မ​ဆောင်မှာ မွန်ရိုး​ရာကပွဲ၊​ ​တေး​ဂီတ ​ဖျော်​ဖြေပွဲ​တွေနဲ့​အတူ ကျင်း​ပပြီး​ မွန်ပြည်နယ် ဝန်ကြီး​ချုပ် ဦး​အုန်း​မြင့်​ ကိုယ်တိုင် တက်​ရောက်ပြီး​ မိန့်​ခွန်း​ ​ပြောကြား​ပေး​ခဲ့​တယ်လို့​သိပါတယ်။

ထိုင်း​နိုင်ငံ​ရောက် မွန်အလုပ်သမား​တွေကလည်း​ မွန်အမျိုး​သား​နေ့​ ပွဲ​တော်ကို ထိုင်း​နိုင်ငံ​တောင်ပိုင်း​ ဖူး​ခက်နဲ့​ မဟာချိုင်​တွေမှာ ကျင်း​ပခဲ့​ပါတယ်။

အ​မေရိကန်၊​ ​နော်​ဝေ၊​ က​နေဒါ၊​ မ​လေး​ရှား​၊​ ဩစ​တေး​လျ နိုင်ငံမှာ ​ရောက်ရှိ​နေကြတဲ့​ မွန်လူမျိုး​များ​က​တော့​ ​ဖေ​ဖော်ဝါရီလ ၈ ရက် အမျိုး​သား​နေ့​မှာ မကျင်း​ပနိုင်​ပေမယ့်​ မိမိ​ရောက်ရှိ​နေတဲ့​ နိုင်ငံနဲ့​ အား​လပ်ရက် အ​ခြေအ​နေအရ အမျိုး​သား​နေ့​ အထိမ်း​အမှတ်​တွေကို ကျင်း​ပပါတယ်။

ပြည်ပ​ရောက် မွန်အဖွဲ့​အစည်း​တွေကလည်း​ မွန်တမျိုး​သား​လုံး​ ​သွေး​စည်း​ညီညွတ်​ရေး​၊​ စစ်မှန်​သော ဖက်ဒရယ်ပြည်​ထောင်စု​ပေါ်ထွန်း​ရေး​နဲ့​ စစ်မှန်​သော အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ကို ​ဖော်​ဆောင်ဖို့​ ဦး​သိန်း​စိန် အစိုး​ရကို ​ကြေညာချက် ထုတ်ပြန် တိုက်တွန်း​ နှိုး​ဆော်ထား​ပါတယ်။

မွန်အမျိုး​သား​နေ့​ကို သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့​တွဲလပြည့်​ကျော် ၁ရက်​နေ့​မှာ မွန်ဘုရင် ညီ​နောင်နှစ်ပါး​ဖြစ်ကြတဲ့​ သမလမင်း​နဲ့​ ဝိမလမင်း​တို့​ ဟံသာဝတီ မွန်နိုင်ငံ​တော်ကြီး​ကို စတင်တည်​ထောင်ခဲ့​တာကို အစွဲပြုပြီး​ သတ်မှတ်ခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013