DVB Logo
Home
မြန်မာသတင်း
မ​ကွေး​တိုင်း​အတွင်း​ စာ​ပေ​ဟော​ပြောပွဲများ​ ပိတ်ပင်ခံရ
DVB
·
February 8, 2012
Donate to DVB

မ​ကွေး​တိုင်း​အတွင်း​မှာ စီစဉ်ထား​တဲ့​ စာ​ပေ​ဟော​ပြောပွဲ​တွေကို တိုင်း​အာဏာပိုင်​တွေက ပိတ်ပင်ခဲ့​တဲ့​အတွက် ​ဟော​ပြောဖို့​ သွား​ရောက်ခဲ့​တဲ့​ စာ​ရေး​ဆရာ​တွေ လှည့်​ပြန်ခဲ့​ရပါတယ်။

ဖေ​ဖော်ဝါရီလ ၇၊​ ၈ ရက်​နေ့​တွေမှာ ​ရေစကြိုနဲ့​ မြစ်​ချေမြို့​တို့​မှာ (​အော်ပီကျယ်၊​ သန်း​မြင့်​အောင်၊​ ဦး​ထွန်း​လွင် ဆရာ​မောင်သာချို၊​ ​ဖေမြင့်​၊​ ​ကျော်ဝင်း​၊​ နုနုရည်အင်း​ဝ) စသူတို့​နဲ့​ ကျင်း​ပဖို့​စီစဉ်ထား​တဲ့​ စာ​ပေ ​ဟော​ပြောပွဲ​တွေ ပိတ်ပင်ခံထား​ရတာပါ။

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပမယ့်​အချိန် နီး​ကပ်​နေမှုနဲ့​ သံဃာ​တော်နဲ့​ ​ကျောင်း​သား​များ​ စာ​မေး​ပွဲရှိတယ်ဆိုတဲ့​ အ​ကြောင်း​ပြချက်နဲ့​ ပိတ်ပင်ခဲ့​တာလို့​ ​ဟော​ပြောပွဲ သွား​ရောက်ခဲ့​တဲ့​ ကာတွန်း​ဆရာ ​အော်ပီကျယ်က ​ပြောပါတယ်။

ဒီဇင်ဘာလကုန်ကတည်း​က စာ​ပေ​ဟော​ပြောပွဲ​တွေကို တား​မြစ်​နေတာ ဖြစ်​ပေမယ့်​ မ​တော်တဆ တိုက်ဆိုင်မှု တခုအဖြစ်သာ ထင်မှတ်ခဲ့​ပြီး​ အခု တပတ်အထိ မ​ကွေး​တိုင်း​ ဆယ်​နေရာ​လောက်မှာ ခွင့်​မပြုဘူး​လို့​လည်း​ ဆရာ​အော်ပီကျယ်က ​ပြောပါတယ်။

“ခက်တာက စာ​ပေ​ဟော​ပြောပွဲကို နိုင်ငံ​ရေး​ ​ဟော​ပြောပွဲ ပုံစံမျိုး​ မြင်ပြီး​ ပိတ်တာလည်း​ ဖြစ်ချင်ဖြစ်မှာ​ပေါ့​။ သို့​သော် နိုင်ငံ​ရေး​တောင်မှ လွတ်လပ်ခွင့်​ အများ​ကြီး​ ​ပေး​နေတာပဲ။ ကျ​နော်တို့​ စာ​ပေ​ဟော​ပြောပွဲကလည်း​ နိုင်ငံ​ရေး​အ​ကြောင်း​ ​ဟော​ပြော​နေတာ မဟုတ်ဘဲနဲ့​ လူ​တွေရဲ့​ အသိစိတ်ဓာတ်ကို​ပေး​တာ၊​ နိုင်ငံ​ရေး​ဟော​ပြောပွဲ မဟုတ်ဘူး​။ အဲဒီ​တော့​ အခုလို ပိတ်တာ​တော့​ ​ခေတ်​နောက်ပြန်ဆွဲတယ်လို့​ ယူဆတယ်။ ကျ​နော်တို့​ဆိုရင် အစိုး​ရဆန့်​ကျင်တဲ့​ စကား​ကိုမ​ပြောဘူး​။ ကျ​နော်တို့​ကိုယ်တိုင်ရဲ့​ အမြင်ကိုက အခုချိန်က ဆန့်​ကျင်​နေရမယ့်​ အချိန်မဟုတ်ဘူး​။ လက်တွဲပြီး​အတူတကွ ​ပေါင်း​လုပ်ရမယ့်​ အချိန်၊​ ကျ​နော်တို့​ကို မယုံသင်္ကာနဲ့​ အဲဒီလို ပိတ်တာ၊​ ​နောက်ပြီး​တော့​ မ​ကွေး​တိုင်း​ တခွင်လုံး​မှာ ပိတ်လွန်း​တာ​တော့​ မ​ကွေး​တိုင်း​က အာဏာပိုင်များ​အ​နေနဲ့​ မလုပ်သင့်​ဘူး​လို့​ ကျ​နော်ထင်တယ်။”

စာ​ပေ​ဟော​ပြောပွဲ အပိတ်ခံရလို့​ ​ဒေသခံ​တွေ စိတ်မ​ကောင်း​ဖြစ်တဲ့​ အ​ကြောင်း​ကိုလည်း​ ဆရာ ​အော်ပီကျယ်က အခုလို ရှင်း​ပြပါတယ်။

“ကျင်း​ပတဲ့​လူ​တွေမှာ ​ငွေအား​ကော၊​ လူအား​ကော၊​ စင်​တွေ ​ဆောက်ပြီး​ ပြန်ဖျက်နဲ့​ သူတို့​ မျက်ရည်ကျတယ်။ သူတို့​ မျက်ရည်ကျတာ ကျ​နော် မြင်ရတယ်။ ကျ​နော်တို့​ကို ဖမ်း​ရင်ဖမ်း​ပါ​စေ၊​ ကျ​နော်တို့​ ​ဟော​ပြောပွဲ ဖြစ်​အောင် လုပ်မယ်ဆိုပြီး​ စွန့်​စား​မယ့်​ လူ​တွေ​တော့​ ​ပေါ်လာပါတယ်။ ဒါ​ပေမယ့်​ အဲဒီ​လောက်ကြီး​လည်း​ မစွန့်​စား​စေချင်ဘူး​။ အဲဒါ​ကြောင့်​ သူတို့​ကို ကြည့်​ပြီး​ စိတ်ထဲမှာ ​တော်​တော် စိတ်ထိခိုက်မိတယ်။ တကယ့်​ကို မျက်ရည်ကျတာ။ မြို့​ခံလူထုကလည်း​ အား​ခဲထား​ပြီး​ ည​နေ​ရောက်မှ ပွဲမဖြစ်​တော့​ဘူး​ဆို​တော့​ ပိုစတာ​တွေ​ကော ဘာ​တွေ​ကော အကုန် ​ကြေညာပြီး​သား​။ ရင်ထိုး​တံဆိပ်​တွေ ​သေချာ လုပ်ပြီး​သား​။ သူတို့​မျက်ရည်​တွေ မြင်ရတဲ့​အခါမှာ စိတ်​တော်​တော် ထိခိုက်ရပါတယ်။”

ပြီး​ခဲ့​တဲ့​လ​တွေကလည်း​ သရက်၊​ ​ချောက်၊​ ​အောင်လံ၊​ ဆိပ်ဖြူ၊​ ပခုက္ကူ၊​ သရက်နဲ့​ မ​ကွေး​မြို့​ပေါ်မှာ ကျင်း​ပဖို့​ စီစဉ်ထား​တဲ့​ စာ​ပေ​ဟော​ပြောပွဲ​တွေကို ပိတ်ပင်ခံခဲ့​ရဖူး​ပါတယ်။

ဒါ​ပေမယ့်​ အင်္ဂါ​နေ့​က မ​ကွေး​တိုင်း​ ​ဆေး​တက္ကသိုလ်မှာ ကျင်း​ပတဲ့​ ဆရာ​အောင်သင်း​၊​ ဆရာမ သန်း​မြင့်​အောင်နဲ့​ ​ဒေါက်တာ ​အောင်ကြီး​တို့​ ​ဟော​ပြောပွဲကို​တော့​ ခွင့်​ပြုခဲ့​ပါတယ်။

မ​ကွေး​တိုင်း​ အတွင်း​မှာ ​ဟော​ပြောပွဲ ပိတ်ပင်ခံထား​ရ​ပေမယ့်​ ကျန်တဲ့​ ပြည်နယ်နဲ့​ တိုင်း​တွေမှာ​တော့​ ခွင့်​ပြု​နေတယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013