Homeမေးမြန်းခန်း
လွတ်ငြိမ်းခွင့်ကို တပြည်လုံးအတိုင်းအတာလုပ်မှသာ အားလုံးရဲ့ယုံကြည်မှုကို ရစေနိုင်တယ်
လွတ်ငြိမ်းခွင့်ကို တပြည်လုံးအတိုင်းအတာလုပ်မှသာ အားလုံးရဲ့ယုံကြည်မှုကို ရစေနိုင်တယ်
DVB
·
February 8, 2012

ရှစ်လေးလုံး လူထုအုံကြွမှုမှာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်ခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၇ ရက်က တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးခဲ့ကြသလဲဆိုတာနဲ့ပတ်သက်ပြီး ကိုမိုးသီးဇွန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့က ဝန်ကြီးဦးအောင်မင်းတို့နဲ့ ဘယ်လိုစပြီးတော့ တွေ့ဖြစ်တာလဲ။
[caption id="attachment_20995" align="alignright" width="300" caption="ကိုမိုးသီးဇွန် "]
[/caption]
“ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို ကနေပြီး ကျနော်တို့ကို ပြန်လာနိုင်ပါတယ်လို့ သတင်းထောက် တယောက်ကို ဖြေသွားတယ်။ အဲဒီ့အပေါ်မှာ ကျနော်က အဲဒီ့ ငြိမ်းချမ်းရေး အကျိုးဆောင်လုပ်နေတဲ့ တယောက်ကို မေးတယ်။ မနေ့က ကျနော်တို့ စပြီး တွေ့ကြတယ်။ ဝန်ကြီးဦးအောင်မင်းနဲ့ ဘန်ကောက်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ကျနော်တို့ ချိန်းလို့ တွေ့ဖြစ်တာပါ။
မေးတော့ သူတို့က ဘယ်လိုပြန်ဖြေလဲ။
“သူတို့ ပြန်ဖြေတာတော့ အဓိကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်နေပုံတွေ၊ အခက်အခဲ အနေအထားတွေကို ကျနော်တို့ကို ရှင်းပြပါတယ်။”
သူတို့ကကော ကိုမိုးသီးဇွန် ပြန်ဖို့အတွက်ကို တာဝန်ယူမှု အပိုင်းရှိလား။
“ပြန်လာမယ်ဆိုရင် ကျနော်တို့ အဓိက ဆွေးနွေးတာတော့ ပြည်ပရောက် မြန်မာတွေ၊ ၁၉၆၂ အရေးအခင်းကနေ ၇၄၊ ၈၈ ဝန်းကျင်မှာ အကြောင်း အမျိုးမျိုးကြောင့် ထွက်ခွာလာတဲ့ မြန်မာနိုင်ငံသားတွေရှိတယ်။ သူတို့မှာ အတွေ့အကြုံတွေ ပညာတွေ ရှိတယ်။ မြန်မာပြည်မှာ ပြန်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် အခွင့်အလမ်းရှိရင် သူတို့တွေက ကြိုးပမ်း ဆောင်ရွက်ချင်ကြတယ်။ အဲဒီ ကျနော့်မိတ်ဆွေ ပညာရှင်တွေက သူတို့အတွက်ကိုလည်း ဆွေးနွေးပေးပါဆိုလို့ ကျနော်က ဝန်ကြီးဦးအောင်မင်းနဲ့ တင်ပြ ဆွေးနွေးပေးပါတယ်။ သူကတော့ သမ္မတ ဦးသိန်းစိန်ကိုလည်း ဆက်လက်တင်ပြမယ်လို့ ပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတိုင်းက ကိုယ့်တိုင်းပြည်ကို လွတ်လွတ်လပ်လပ် ပြန်လာနိုင်ခွင့်မရှိဘူး။ ဥပမာ ကမ္ဘောဒီးယားတို့ ဗီယက်နမ်တို့ဆိုရင် ပြည်ပရောက်သွားတဲ့ နိုင်ငံရေးအရ အမြင်မတူတဲ့သူတွေ ရှိခဲ့တယ်။ အချိန်မရွေး ပြန်လာခွင့် ပြန်သွားခွင့်တွေ ရှိတယ်။ အခု မြန်မာပြည်မှာ ဗီဇာ သွားလျှောက်မယ်ဆိုရင် ပြဿနာတွေ၊ စိစစ်မှုတွေ အများကြီးရှိတယ်။ သူတို့မှ မဟုတ်ဘူး။ နိုင်ငံခြားသား ကျနော့် မိတ်ဆွေတွေဆိုရင်လည်း အခက်အခဲ အများကြီး ကြုံတယ်။ သတင်းထောက်တွေဆိုလည်း နာမည်ပျက် စာရင်း သွင်းထားတာ ရှိတယ်။ ကျနော် ဦးအောင်မင်းကို ဆွေးနွေးပြတာတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို တပြည်လုံး အတိုင်းအတာနဲ့ လုပ်မှသာ အားလုံးရဲ့ ယုံကြည်မှုကို ရစေတယ်ဆိုတဲ့ အကြောင်းပေါ့။ သူက အဲဒါကို အထက်ကို တင်ပြပေးပါမယ်လို့ ပြန် ဆွေးနွေးပါတယ်။”
ကိုမိုးသီးဇွန်အနေနဲ့က ဘယ်လိုအနေအထားနဲ့ တွေ့လဲ။ ဥပမာ အဖွဲ့အစည်းကို ကိုယ်စားပြုတာလား၊ တဦးတယောက်တည်း အနေနဲ့ သွားတာလား။
“ကျနော့်ကိုယ် ကျနော် ကိုယ်စားပြုပြီးတော့ တွေ့တယ်လေ။ ကျနော် မိုးသီးဇွန်အနေနဲ့ ဆွေးနွေးတယ်။ ကျနော်နဲ့အတူ ကျနော့်ရဲဘော် ကိုဇော်မင်းလည်း ပါတယ်။ ကျနော် ဒီလို သွားဆွေးနွေးမှာနဲ့ ပတ်သက်လို့ ကျနော်နဲ့ အမြင်တူတဲ့ ရဲဘော်တချို့က ထောက်ခံကြတယ်။ သူတို့ကလည်း အားပေးမှု တိုက်တွန်းမှုတွေကြောင့် အခုလို ဆွေးနွေးဖြစ်တာပါ။
“ဝန်ကြီးဦးအောင်မင်းကို ကျနော့်ဆီမှာ တွေ့ဆုံ ဆွေးနွေးတဲ့ အတွေ့အကြုံရှိပါတယ်။ ဗိုလ်ချုပ်ထွန်းကြည်နဲ့ တခါ၊ ဗိုလ်ချုပ် မျိုးညွန့်နဲ့ နှစ်ခါ၊ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အတူ သူ့ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့တယ်။ အနည်းဆုံးတော့ ဆယ်ကြိမ်လောက် ရှိမယ်။ နောက်တခါ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာပဲ ပါမောက္ခ ဆရာကြီး ထွန်းအောင်ရှိန်ကို လွှတ်ပြီး တောထဲလာတော့ ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ ဗိုလ်ချုပ်မြ တာဝန်ပေးလို့ ကျနော်က တာဝန်ခံပြီး ဆွေးနွေးခဲ့ရတာတွေ ရှိခဲ့တယ်။ အဲဒါတွေလည်း သူ့ကို ဆွေးနွေးပြတယ်။ ဆွေးနွေးပြတဲ့အခါကျတော့ အခု သူတို့နဲ့ ဆွေးနွေးတဲ့အခါမှာလည်း၊ ကျနော်တို့တုန်းက ပိတ်ဆို့အရေးယူမှုကို ဖြုတ်ပေး၊ ကျနော်တို့ကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဆိုပြီး အစီအစဉ်တွေအပေါ်မှာ ရှေ့မတိုးနောက်မဆုတ် ဖြစ်ခဲ့တယ်။ အခုတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလာတယ်။ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေတယ်။ ထပ်လွှတ်ပေးဖို့ ကျနော်က မေတ္တာရပ်ခံခဲ့တယ်။ တထိုင်တည်းမှာပဲ ကျနော်တို့က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ရလဒ်တွေ မထွက်နိုင်သေးပေမယ့် အနာဂတ်မှာတော့ ရလဒ်ကောင်းတွေ ထွက်ဖို့ ကျနော်မျှော်လင့်တယ်။ ဆက်ပြီးတော့ သူနဲ့ ဆက်ဆံရေး ဆက်ထားဖို့ သဘောတူထားကြတယ်။”
ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ပြီးပြီဆိုတော့ မြန်မာပြည် နိုင်ငံရေးကို ကိုမိုးသီးဇွန် ဘယ်လိုပြောလို့ရမလဲ။
“မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒါက ဦးအောင်မင်းနဲ့ ဆွေးနွေးချက်တော့ မဟုတ်ဘူး။ ကျနော့်ရဲ့ အမြင်ပေါ့လေ။ မြန်မာပြည် နိုင်ငံရေးက လမ်းဆုံ လမ်းခွကို ရောက်နေတယ်။ အတော်မှ စိုးရိမ်ပါတယ်။ အခု အပြောင်းအလဲတွေက လက်ရှိ သမ္မတ ဦးသိန်းစိန်အနေနဲ့ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း တကယ့်အပြောင်းအလဲ တခုက ဖြစ်မလာသေးဘူး။ ကျနော်တို့ လိုချင်တာက ဘာလိုချင်တာလဲ၊ ကျနော်တို့ လိုချင်တာက လွတ်လပ်မှုကို လိုချင်တာ။ အစားအသောက်နဲ့ အလုပ်အကိုင်တွေ လိုချင်တာ။ အဲဒါတွေ ၂ ခုလုံး ဗမာပြည်မှာ မရှိဘူး။ အဲဒါတွေ မရှိသမျှ ဦးသိန်းစိန် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည်သွားသည် ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီး ဖြစ်သည် ဖြစ်စေ၊ ကျနော်တို့ ပြန်လာလို့ ရသည် ဖြစ်ပါစေ၊ မြန်မာပြည်ရဲ့ အနာဂတ်နိုင်ငံရေးက မသေချာ မရေရာ ဖြစ်နေမယ်။ ပဋိပက္ခတွေက ရှိနေမှာပဲ။ အဓိက အဲဒါပဲ။ လွတ်လပ်မှု မရှိသေးဘူး ကျနော်ပြောချင်တယ်။”
အခုဆိုရင် ၈၈ မျိုးဆက်ကျောင်းသားတွေလည်း ပြန်လွတ်လာကြပြီ။ အပြင်မှာရှိတဲ့ ၈၈ မျိုးဆက်တွေရှိတယ်။ အခု ၈၈ မှာဦးဆောင်ခဲ့တဲ့ ကိုမိုးသီးဇွန် အနေနဲ့ကော ရှေ့ဘာဆက်လုပ်ဖို့ ရှိသလဲ။
“အဓိကတော့ ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးက အဓိက လုပ်ငန်းစဉ် ဖြစ်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျနော် ကြိုးစားမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့လည်း ကျနော့်ရဲ့ အမြင်တွေရှိပါတယ်။ အဲဒါကတော့ တရားဥပဒေကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရမယ်။ နောက်တခုက အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ၊ လယ်ယာမြေ ပြုပြင်ပြောင်းလဲမှုတွေ၊ အဲဒါတွေ လုပ်ဖို့ လိုပါတယ်။ နောက်တခုက ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ လိုပါတယ်။
“နောက်တခါ မီဒီယာမှာလည်း အလားတူ လွတ်လပ်မှုတွေ လိုတယ်။ နိုင်ငံသားတွေ အနေနဲ့လည်း ကျနော်တို့နိုင်ငံသားရဲ့ အခွင့်အရေးတွေကို တကယ်ကို ရေးတင်ခွင့် ရှိဖို့လိုတယ်။ ကျနော်တို့ ၄ရအခြေခံဥပဒေ၊ ၇၄အခြေခံဥပဒေ၊ အခု ၂၀၀၈ ထဲမှာလည်း နိုင်ငံသား အခွင့်အရေးတွေကို စာသားနဲ့ ဖော်ပြထားတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့ကျင့်သုံးမှု မရှိပါဘူး။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ဦးဆောင်ခဲ့တဲ့ အစိုးရလို ကျင့်သုံးတဲ့သူ မရှိခဲ့ပါဘူး။ အဲဒီဟာက အဓိက ျပဿနာတခုပါ။ ဒါကြောင့်မို့ ကျနော်တို့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီး ပြန်လုပ်ရမယ်။ အဲဒါတွေအားလုံး လုပ်မှသာလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေးက ဖြစ်ပေါ်လာနိုင်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။
“ကျနော် ၈၈ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင် တယောက်အနေနဲ့တော့ ကျောင်းသားတယောက် ပြည်သူတယောက် အနေနဲ့ကော ကျနော်ကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို မြင်ချင်တယ်။ အဲဒါကိုလုပ်ဖို့ ကြိုးစားမယ်။ ခုနပြောတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်။ ပညာရေးမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်။ မြန်မာပြည်မှာ ပညာတတ်တဲ့ ပညာရှိတဲ့လူတွေက ၁၉၆၂ ကတည်းက ယနေ့ထိ တရွေ့ရွေ့နဲ့ ထွက်သွားကြတာ အခုဆို ကုန်သလောက် ဖြစ်သွားပြီ။ အဲဒီလူတွေ မရှိဘဲ တိုင်းပြည်ကို ဘယ်လိုပြန်တည်ဆောက်မှာလဲ။ ကျနော်လည်း နားမလည်ဘူး။ အဲဒီလူတွေကို ပြန်ဖိတ်ခေါ်ရမယ်။ ကျနော်မြင်တဲ့ အမြင်ကတော့ တကယ့်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး နှစ်နှစ်ကာကာ လုပ်ဖို့လိုတယ်။ တချိန်တုန်းကတော့ ဦးသန်းရွှေ အစိုးရ လက်ထက်ကပေါ့။ အချိန်ဆွဲတာ သူတို့အတွက် ဗျူဟာလေး တခုပေါ့။ အခုက အချိန်ဆွဲတယ်ဆိုရင် နိုင်ငံတော်အတွက်ကော ပြည်သူတွေအတွက်ကော မကောင်းတော့ဘူးလို့ ကျနော်မြင်တယ်။”
ကိုမိုးသီးဇွန် ဘယ်အနေအထားရောက်ရင် ပြန်မလဲ။ ဘယ်တော့ပြန်မလဲ။
“ကျနော်တို့က ပြောထားသလို တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ နောက်တခုက ပြည်ပရောက်တဲ့ မြန်မာတွေ ပညာရှင်တွေ၊ နိုင်ငံသားတွေကို လွတ်လပ်စွာ ပြန်လာနိုင်ခွင့် ပြုနိုင်တဲ့ အခြေအနေ၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံး ပြုလုပ်ပေးမှသာ ကျနော်ပြန်လို့ရမယ်။”
