A d v e r t i s e m e n t With Us

ကျောင်း​သား​ခေါင်း​ဆောင် မျိုး​ဆက်များ​ စုံညီ​တွေ့​ဆုံ

၁၉၆၂ က​နေ ၂၀၀၇ ခုအထိ ​ကျောင်း​သား​ခေါင်း​ဆောင် မျိုး​ဆက်များ​ရဲ့​ မိတ်ဆက်လက်ဖက်ရည်ပွဲကို ရန်ကုန် ​တောင်ဥက္ကလာက စိတ်တိုင်း​ကျ လက်ဖက်ရည်ဆိုင်မှာ ဒီ​နေ့​ မွန်း​လွဲပိုင်း​က ပြုလုပ်ခဲ့​ပါတယ်။ မိတ်ဆက်ပွဲမှာ ၆၂ ခုနှစ် ​ကျောင်း​သား​ခေါင်း​ဆောင် ဦး​လှ​ရွှေ၊​ ၇၄-၇၅ ​ကျောင်း​သား​များ​ကိုယ်စား​ ဦး​ဦး​လှ​စော၊​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​များ​ကိုယ်စား​ ကိုမြ​အေး​၊​ ၉၆-၉၈ ​ကျောင်း​သား​များ​ ကိုယ်စား​ မနိုဘယ်လ်​အေး​နဲ့​ ၂၀၀၇ ​ကျောင်း​သား​များ​ကိုယ်စား​ ကိုစည်သူ​မောင်တို့​က မိတ်ဆက်စကား​ အသီး​သီး​ ​ပြောကြား​ခဲ့​ကြပါတယ်။ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုမြ​အေး​က “ကျ​နော်တို့​ မြန်မာ့​ နိုင်ငံ​ရေး​ သမိုင်း​မှာ ၁၉၂၀၊​ ၁၉၃၆၊​ ၁၉၃၈၊​ ၁၉၇၄-၇၅-၇၆၊​ ၁၉၈၈၊​ ၁၉၉၆၊​ ၂၀၀၇ အစရှိသဖြင့်​ သမိုင်း​စဉ်ဆက် တ​လျှောက်မှာ ကျ​နော်တို့​ ​ကျောင်း​သား​သမိုင်း​ဟာ ရှင်း​ရှင်း​လေး​ပါ။ ရိုး​တယ်၊​ ရှင်း​တယ်၊​ ​ဖြောင့်​မတ်တယ်၊​ မှန်ကန်တယ်။” လို့​ ​ပြောပါတယ်။ ၆၂ က​နေ ၂၀၀၇ အထိ ​ကျောင်း​သား​မျိုး​ဆက်​တွေ ​တွေ့​ဆုံပွဲကို ပြီး​ခဲ့​တဲ့​ လွတ်လပ်​ရေး​နေ့​ကလည်း​ ရန်ကုန်၊​ မရမ်း​ကုန်း​မှာ ပြုလုပ်ခဲ့​ပြီး​ အဲ့​ဒီတုန်း​က ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေနဲ့​ ဗကသလူငယ်​တွေဟာ အကျဉ်း​ထောင်ထဲမှာ ရှိ​နေ​သေး​တဲ့​အတွက် မပါဝင်နိုင်ခဲ့​ဘဲ အခု တကြိမ်မှာ​တော့​ ​ကျောင်း​သား​မျိုး​ဆက်​တွေ စုံစုံညီညီ မိတ်ဆက် ​တွေ့​ဆုံခွင့်​ ရခဲ့​ကြတာပါ။ ဒီ​နေ့​ပွဲကို တက်​ရောက်ခဲ့​ရတဲ့​အတွက် ​ကျောင်း​သား​ သမိုင်း​ဟာ မျိုး​ဆက်မပြတ်သွား​ဘူး​ဆိုတဲ့​ အမြင် ရခဲ့​တယ်လို့​ ကိုမြ​အေး​က ​ပြောပါတယ်။ ဒါ့​အပြင် မြန်မာ့​နိုင်ငံ​ရေး​သမိုင်း​မှာ ​ကျောင်း​သား​သမိုင်း​ဟာ အ​ရေး​ကြီး​တယ်လို့​ သူက ပြောပါတယ်။ “မြန်မာ့​နိုင်ငံ​ရေး​ သမိုင်း​မှာ ​ကျောင်း​သား​သမိုင်း​ သိပ်အ​ရေး​ကြီး​ပါတယ်။ သမဂ္ဂသမိုင်း​ သိပ်အ​ရေး​ကြီး​ပါတယ်။ ​ကျောင်း​သား​ရှိရင် ​ကျောင်း​သား​သမဂ္ဂ ရှိရမယ်။ အစဉ်အလာကြီး​မား​တဲ့​ သမဂ္ဂကြီး​ ပြန်ရလိမ့်​မယ်လို့​ ကျ​နော် ယုံကြည်တယ်။ ​နောက် မျိုး​ဆက်ကို ကျ​နော် အရမ်း​ အား​ကိုး​ပါတယ်။ ကျ​နော်တို့​လည်း​ ကြိုး​စား​သွား​မှာ ဖြစ်တဲ့​အတွက် ​နောက်မျိုး​ဆက်ကလည်း​ ကျ​နော်တို့​ထက် ပိုပြီး​ လုပ်နိုင်မယ်လို့​ ကျ​နော်ယုံကြည်တယ်။” ဒီ​နေ့​ မိတ်ဆက်လက်ဖက်ရည်ပွဲကို ​ကျောင်း​သား​ကိုယ်စား​လှယ်​ပေါင်း​ နှစ်ရာ​လောက် တက်​ရောက်ခဲ့​ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up