မှန်နေရင်လည်း လက်ခုပ်တီးပြီး လက်ခံရမှာပေါ့
ပီတာအောင်
·
February 7, 2012
လာမယ့် ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါက်တာစိုးမင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ်ဆိုတော့ အားလုံး စိတ်ဝင်စားကြတယ်။ ပြည်တွင်းရော ပြည်ပပါ။ ဆရာ့အကြောင်းလေးလည်း အရင်မိတ်ဆက်ပေးပါလား။
[caption id="attachment_20957" align="alignleft" width="300" caption="ဒေါက်တာစိုးမင်း"][/caption]
“ကျနော်ကတော့ ၁၉၆၂ ခုက ကန်ဘဲ့ စမ်းရွာ ကျေးရွာမှာ မွေးဖွားခဲ့တယ်။ မိဘတွေက ရန်ကုန်တက်ပြီး အလုပ်လုပ်တဲ့အခါ ၅ နှစ် သားလောက်မှာ ရန်ကုန်တက်လာပြီးတော့ အထက (၁) လမ်းမတော် စိန်ဂျွန်းမှာ ကျောင်းစနေတယ်။ ၉ တန်း၊ ၁၀ တန်းကို အထက (၁) လမ်းမတော်မှာ ပြန်တက်တယ်။ ၇၈ မှာ ၁၀ တန်းအောင်တယ်။ ၁၉၈၁ ခုနှစ်မှာ ဆေးတက္ကသိုလ်(၁) ကိုရောက်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဘွဲ့ရတယ်။ ဘွဲ့ရပြီးတော့ အရေးအခင်းကာလနဲ့ သွားတိုးတယ်။ အဲဒီကနေ ပြည်သူ့စစ်မှုထမ်း ဆရာဝန်ဖြစ်လာတယ်။ စစ်မှုထမ်းရတယ်။ ၃ နှစ် စစ်မှုထမ်းပြီးတော့ ဗိုလ်ကြီးဖြစ်လာတယ်။ ဘွဲ့လွန်ယူခဲ့တယ်။ စစ်မှုထမ်းပြီး ဗိုလ်ကြီးအဆင့်နဲ့ လာယူတာပါ။ ဆေးတက္ကသိုလ် (၁) က ယူတာပါ။ အထွေထွေရောဂါ အထူးကုအနေနဲ့ ဆေးခန်းဖွင့်ပြီးတော့ ဆရာ့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်နေပါတယ်။”
ဒေါက်တာစိုးမင်းရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို အကြမ်းဖျင်းလောက် ပြောပြပေးပါလား။
“အမ်းမြို့မှာ တပ်သစ်တွေ တည်ရတယ်။ ၃၇ (၁) (၂) (၃) ပေါ့။ အဲဒီကနေ မိတ္ထီလာ စစ်ဆေးရုံမှာ တာဝန်ကျတယ်။ အမ်းမှာ တာဝန်ကျတယ်။ တောင်ငူမှာ တာဝန်ကျတယ်။ တောင်ငူ စစ်ဆေးရုံကနေ အရှေ့ဘက် ဘောဂလိကြီး အရှေ့ဘက်ခြမ်းတွေမှာ တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ နောက်ပြီး မုန်းထော်၊ မုန်းထ ဒေသ ရှမ်းပြည်ရဲ့တောင်ပိုင်း၊ နောက်ဆုံးမှာတော့ ကျိုင်းတုံ အမှတ် (၁၂) စစ်မြေ ဆေးတပ်ရင်းမှာ ခေတ္တတပ်ရင်းမှူးနဲ့ ပင်စင်ယူခဲ့တယ်။ ဗိုလ်မှူးအဆင့်နဲ့ပေါ့။ အဲဒီကနေ စည်ပင်သာယာမှာ ခရိုင်ကျန်းမာရေး အရာရှိပေါ့။ ကျန်းမာရေး ဌာနမှာ တာဝန် ဆက်ထမ်းဆောင်တယ်။”
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဘာကြောင့် ဝင်ဖြစ်တာလဲ။
“အဲဒီမှာနေရင်းနဲ့ ဖြိုးစေတနာ ဆေးကုခန်းတွေ ပေါ်လာတယ်။ အဲဒီအချိန်မှာ စည်ပင်မှာ တာဝန်ထမ်းဆောင်ရင်း လုပ်အားပေးဖို့ဆိုပြီး မြောက်ဥက္ကလာ ၂ ရပ်ကွက်မှာ ဖြိုးစေတနာ ဆေးခန်းတွေကို တာဝန်ယူပြီး လုပ်ဆောင်ပေးရတယ်။ စည်ပင်ကထွက် အနားယူလိုက်ပြီးတော့ ၂၀၁၀ ထဲမှာ ပါတီဝင် ဖြစ်သွားတယ်။ ဖြိုးစေတနာ ဆေးခန်းတွေ ဆောင်ရွက်ရင်းနဲ့ပဲ ယနေ့မှာ ပစ္စုပ္ပန်ကာလ တာဝန် ပေါ်လာတာပေါ့။”
ဘာကြောင့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်ရတာလဲ၊ ဒေါက်တာစိုးမင်းရဲ့ နိုင်ငံရး ခံယူချက်ကို သိပါရစေ။
“နံပါတ်တစ်ကတော့ ကော့မှူးဒေသသား ဖြစ်နေတယ်။ ကိုယ့်ဒေသကိုတော့ ဒလတောကြီးတန်းလို့ ခေါ်တယ်။ သမိုင်းမှာ အဲဒီအတိုင်း ခေါ်တယ်။ အဲဒီဒေသသား ဖြစ်တာ တကြောင်း၊ ဆရာဝန် ဖြစ်နေတာလည်း တကြောင်းပေါ့။ ဒေသခံသား ဆရာဝန် တဦးအနေနဲ့ နိုင်ငံရေးကို ဝင်ရောက်လှုပ်ရှားဖို့အတွက် တာဝန်ယူဖို့ အစီအစဉ် ဖြစ်လာတယ်။ လျှောက်လွှာတင်တော့လည်း ပါတီက လူကြီးတွေက ကိုယ့်ကိုရွေးချယ်ပြီး ခွင့်ပြုပေးလိုက်တယ်။”
ပါတီကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ဖို့ ဘာကြောင့်ရွေးခဲ့လဲ။ ၂၀၁၀ တုန်းက မပြိုင်ဘဲနဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲမှာမှ ဘာကြောင့် ယှဉ်ပြိုင်ဖို့ ပါတီက ရွေးခဲ့တယ်လို့ ထင်လဲ။
“၂၀၁၀ တုန်းကတော့ ပြည်ခိုင်ဖြိုးစေတနာ လူမှုရေးလုပ်ငန်းတွေပဲ အားသွန်ခွန်စိုက် လုပ်နေတယ်။ အခုကျတော့ ကိုယ့်ရဲ့အသိုင်းအဝန်းပေါ့။ ဆရာသမားတွေကလည်း အခု ဖြိုးစေတနာ ဆေးခန်းမှာ တာဝန်ခံ ဆရာဝန်ကြီးတွေ အဖြစ်နဲ့လည်း တာဝန် ထမ်းဆောင်နေကြတယ်။ သူတို့ရဲ့ လိုလားချက်အရ ဆရာဝန် တဦးလည်း ဖြစ်ရမယ်၊ ဒေသခံလည်းဖြစ်ရမယ်။ ရွေးချယ်တော့ ကိုယ့်ကို တွေ့ကြတယ်။ အဲလိုနဲ့ ခေါ်ယူ ဆွေးနွေးတော့ ကိုယ်လည်း လျှောက်လွှာတင်လိုက်တယ်။ ကိုယ်လည်း အဲဒါကြောင့် အခုမှ ဝင်ဖြစ်တာပေါ့။”
ပြည်တွင်းပြည်ပမှာ လူသိများတဲ့ ဩဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးနဲ့ ယှဉ်ပြိုင်ရတော့ ဘယ်လိုခံစားရလဲ။ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကိုယ့်ဘက်က ဘယ်လိုမျိုးတွေ ပိုပြီးတော့ အားထုတ်ပြင်ဆင်ထားလဲ။
“အစ်မဆိုတာလည်း ပြောပြရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကလေးဘဝကတည်းက ကြည်ညိုခဲ့ရတဲ့ပုဂ္ဂိုလ်၊ ကိုယ်တို့ရဲ့ နိုင်ငံလွတ်လပ်ရေးဖခင်ကြီး၊ သူကမွေးဖွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူက တိုင်းပြည်အကျိုးကို ရှေ့ရှုပြီးတော့ လုပ်နေမှာပဲ။ ဒါကတော့ ကိုယ်လည်း ဒီလိုပဲ မြင်တယ်။ တဘက်ကလည်း ကိုယ်တို့ရဲ့ ခံယူချက် ယုံကြည်ချက်ပေါ့။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကိုယ်က ၁၉၆၂ ခုနှစ်မှာ မွေးတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်ကြီးမှာ မွေးတယ်။ တောက်လျှောက် ခေတ်တွေ အကုန်လုံးမှာ ကျောင်းသားဘဝကော၊ ဝန်ထမ်းဘဝရော၊ အမျိုးစုံကိုယ်လည်း ဖြတ်သန်းခဲ့တယ်။ ခေတ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း မြင်တယ်။ မြင်တဲ့အပြင်ကို တိုင်းပြည်တခုလုံးနဲ့ ခြုံပြောရရင် ကိုယ်တို့တိုင်းပြည်က အရမ်းကို ဟိုဘက်ဒီဘက် ဘေးအန္တရာယ်များတယ် (risky) ဖြစ်တယ်။ ပထဝီနိုင်ငံရေးအရလည်း အင်အားကြီးနိုင်ငံ နှစ်ခုကြားမှာ ရှိတယ်ဆိုတော့ တော်တော် ထိန်းသိမ်းနိုင်မှ တော်ရာကျမယ်။ နိုင်ငံရေးအမြင်နဲ့ ပြောရမယ်ဆိုရင် ကိုယ်တို့ တိုင်းပြည်သည် ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနိုင်မှ တော်ရာကျမယ်။ ကိုယ့်အားကိုယ်ကိုး ကိုယ့်အချုပ်အချာ အာဏာကို ကိုယ့်ဟာကိုယ် ထိန်းသိမ်းထား။ ကိုယ့် ပြည်တွင်းစီးပွားရေးကို ကိုယ့်ဟာကိုယ် တိုးတက်အောင်လုပ်၊ နိုင်ငံခြားက အကူအညီယူတယ် ဆိုတာလည်း နှောင်ကြိုးမဲ့ အကူအညီတွေနဲ့၊ ကိုယ့်ဟာကိုယ် ကြိုးစားနိုင်မှ တော်ကာကျမယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဗိုလ်ချုပ်ပြောသလို ကုန်းရုန်းလုပ်နိုင်မှ ဆိုတဲ့ စကားလုံးတွေ ရှိတယ်။ အဲဒီလိုလမ်းကြောင်းပေါ်မှာ လျှောက်နိုင်ဖို့အတွက် ဆိုသည်မှာ နိုင်ငံရေးခံယူချက်နဲ့ မှန်မှန်ကန်ကန် မြင်ဖို့လိုတယ်။ ကိုယ်တို့ကလည်း ကိုယ့်ရဲ့ခံယူချက်၊ ယုံကြည်ချက်နဲ့ပဲ ချီတက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ကိုယ့်ရဲ့ခံယူချက် ယုံကြည်ချက်နဲ့ပဲ ချီတက်နေတယ်။ အဓိကတော့ မိဘပြည်သူတွေက အရမ်းရိုးသားကြတယ်။ သူတို့မှာ ဘာတခုမှ အပူအပင်မရှိဘူး။ အဲဒီလူတွေကို မလိမ်ချင်ဘူး။ မဖြစ်နိုင်တာလည်း မပြောချင်သလို၊ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓာတ်ကို သင်ပေးချင်တယ်။ အဲဒါကြောင့် ဒီလမ်းကြောင်းပေါ်မှာ လျှောက်ဖြစ်နေတဲ့ သဘောပဲ။”
ခုနပြောတဲ့ ဖြေကြားချက်တခုကို ပြည်တွင်း ဂျာနယ်တခုမှာ ဖတ်ခဲ့ရတယ်။ သူရေးထားတာ သိပ်မရှင်းလင်းဘူး ဖြစ်နေတယ်။ သူရေးထားတဲ့ အတိအကျဆိုရင် ဖြူစင်တဲ့ ပြည်သူတွေကို စည်းရုံးတဲ့သူတွေက ဖြူစင်စွာနဲ့ပဲ ပြည်သူတွေကို မလိမ်ဘဲနဲ့ စည်းရုံးပြောကြားရမှာလို့ ပြောထားတယ်။ နှစ်ခါ ကျွန်ဖြစ်မခံကြပေမယ့် ပြည်သူတွေကို ဘယ်သူမှ မလိမ်ရဲပါဘူးလို့ ပြောတာက အဲဒါဘာကိုဆိုလိုတာလဲ။ တချို့လူတွေက ဒါကို အဓိပ္ပာယ်ဖွဲ့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးရင် နှစ်ခါ ကျွန်ဖြစ်မယ်ဆိုတဲ့ သဘောမျိုး ပြောဆိုဝေဖန်နေကြတာ ကြားတယ်။ အဲဒါလေးကို ရှင်းပြပေးပါလား။
“ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ကိုယ့်ရဲ့ အစ်မ အဒေါ် အရွယ်ပါ။ အစ်မကိုလည်း ဘာတခုမှ ပုတ်ခတ်စရာ အကြောင်းမရှိဘူး။ အစ်မ လျှောက်နေတဲ့ လမ်းကြောင်းပေါ်မှာ ကိုယ်တို့ဘာမှ ပြောစရာမရှိဘူး။ တဘက်ကလည်း ကိုယ့်ပြည်သူတွေရဲ့ အနာဂတ်အရေးက ကိုယ်တို့ရဲ့ဘက် ကိုယ်တို့ရဲ့အမြင်ပေါ့။ ဖြတ်သန်းလာတဲ့ ခေတ်ရဲ့ ဆိုးကျိုးတွေ ကိုယ်တို့သိတယ်။ ကောင်းကျိုးတွေလည်း ကိုယ်တို့သိတယ်။ အကောင်းအဆိုးတွေလည်း ဒွန်တွဲနေတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေ နားလည်အောင် ပြည်သူတွေမှာ အာဏာရှိတာကို၊ သူတို့က ကိုယ့်ကို ခန့်မှ ကိုယ်က တာဝန်ယူပေးရမှာကို၊ ပြည်သူတွေ လက်ထဲမှာ အာဏာရှိတဲ့အတွက် ပြည်သူတွေက သူတို့ အာဏာကို အသုံးချမှားမှာ တချက် စိုးတယ်။ အဲတော့ အာဏာတခုကို အသုံးချဖို့အတွက်ဆိုရင် အမြင်မှန်ဖို့လိုတယ်။ အတွေးအခေါ်လိုတယ်။ ဒါပေမယ့် တို့ပြည်သူတွေမှာ အများကြီး လေ့ကျင့်သင်ကြား ပေးရဦးမယ်။ နိုင်ငံရေးအကြောင်းကို သူတို့တွေသိတယ် ဆိုပေမယ့်လည်း လေ့ကျင့် သင်ကြားထားတဲ့ သူတွေလောက် မသိလောက်ဘူး။ အဲတော့ သူတို့တွေ ဆုံးဖြတ်ချက် မှားသွားမယ်။ ဥပမာ ကျွန်ဖြစ်တယ်ဆိုတဲ့ စကားလုံးပြောပြမယ်။ အဓိပ္ပာယ် ဖွင့်ဆိုချက်က အများကြီးရှိတယ်။ ကိုယ့်တို့ တောမှာ ဆန်စက်ပိုင်ရှင်သည် ပိုင်ရှင်၊ သူ့ရဲ့သားသည် နိုင်ငံခြားသွား အလုပ်လုပ်ရင် သူက ဟိုမှာ လုပ်ငန်းရှင်တော့ ဖြစ်မှာ မဟုတ်ဘူး။ အလုပ်သမားပဲ ဖြစ်မှာပဲ။ ဒီသဘောတရားပဲ။ ကိုယ်ပိုင်လုပ်ငန်းနဲ့ သူများဆီမှာ လုပ်တဲ့လုပ်ငန်း၊ နိုင်ငံရေးအရ ကျွန်ဖြစ်မယ့်ကိစ္စတွေ သူများခိုင်းတာ လုပ်ရမယ့်ကိစ္စတွေ စီးပွားရေးအရ သူများကုမ္ပဏီမှာ အမှုထမ်းရမယ့်ကိစ္စတွေ ကိုယ့်နိုင်ငံရဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်ကုမ္ပဏီတွေ ကိုယ့်ရဲ့နိုင်ငံမှာ မြန်မာတွေပိုင်တဲ့ ကုမ္ပဏီတွေ မြန်မာတွေပိုင်တဲ့ အလုပ်တွေ၊ မြန်မာတွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပေါ်လာစေချင်တယ်။ ကိုယ့်ရဲ့ဆန္ဒပေါ့။ အဲ့လိုဖြစ်ပေါ်လာဖို့ ကိုယ့်ဟာကိုယ် ကြိုးစားမှဖြစ်မှာ။ သူများကုမ္ပဏီတွေ လာပြီးအလုပ်လုပ်လို့ ကိုယ်တို့ သယံဇာတတွေ သုံးသွားလို့ရှိရင် ဘယ်သူမဆို စီးပွားရေးသမားဆိုတာ အမြတ်မရှိရင် မလုပ်ဘူး။ ကိုယ်တို့တွေက အလုပ်သမားဘဝနဲ့ပဲ တပြည်လုံး နေသွားရမယ်ဆိုရင် ဒီဟာလည်း စီးပွားရေးအရ ကျွန်ပဲလေ။ အဲဒီ နှစ်ခုကို တွေးကြည့်ပြီးတော့ တချိန်တုန်းကလည်း အင်္ဂလိပ်တွေကြောင့်၊ လာတိုက်လို့ ဗိုလ်ချုပ်အောင်ဆန်း ကစပြီးတော့ အသက်တွေ အများကြီးပေးပြီးတော့ ကိုယ်တို့တွေ လွတ်လပ်ရေး ပြန်ယူခဲ့ရ ပြီးပြီ။ ပြည်တွင်းစစ်ကြီးကိုလည်း အသက်တွေ အများကြီး ပေးပြီးတော့ ကိုယ်တို့ ပြန်ငြိမ်းချမ်းအောင် လုပ်ခဲ့ရပြီးပြီ။ ကိုယ်တို့ စစ်မှုထမ်းဆိုတော့ ပိုဆိုးတယ်။ မြင်တွေ့နေရတာတွေ အကုန်လုံးက ဟိုဘက်ကော ဒီဘက်ကော သေကြကျေကြနဲ့ ကြည့်မကောင်းဘူး။ အဲဒီဘဝတွေကို ပြန်မသွားချင်ဘူး။ ဒါကြောင့်မို့ နှစ်ခါ ကျွန်ဖြစ်တယ်ဆိုတာ တခါက အုပ်ချုပ်ရေးအရ ကျွန်ဖြစ်ခဲ့ပြီး၊ ဒုတိယအကြိမ် စီးပွားရေးအရ ကျွန်မဖြစ်ချင်ဘူး။ အဲဒါတွေကို ပြည်သူတွေ နားလည်အောင် ရှင်းပြနေရတာပါ။”
တကယ်လို့များ ဒေါက်တာစိုးမင်း အနေနဲ့ အရွေးခံရမယ်ဆိုရင် လွှတ်တော်အမတ် တဦးအနေနဲ့ တိုင်းပြည်ကောင်းကျိုးကို အထူးသဖြင့် ကိုယ်စားပြုတဲ့ ကော့မှူးမြို့နယ်က မဲဆန္ဒရှင်တွေရဲ့ ဘဝတွေ တိုးတက် ကောင်းမွန်ဖို့အတွက် ဘာတွေ လုပ်ပေးသွားမယ်လို့ စိတ်ကူးထားလဲ။
“ကိုယ့်ရဲ့ မိဘပြည်သူတွေကို နံပါတ်တစ်ကတော့ ကိုယ့်ဘဝနဲ့ ကိုယ်ချင်းစာပြီးတော့ အဲဒီမှာရှိတဲ့ နောက်ထပ် ပေါ်ပေါက်လာတဲ့ လူငယ်လေးတွေ၊ လမ်းမှားရောက်နေတဲ့ လူငယ်တွေ၊ နိုင်ငံခြားအဝတ်အစားဝတ်ပြီး ပေါက်ကရလုပ်နေတဲ့ လူငယ်တွေ၊ အရက်တွေ မူးယစ်ဆေးဝါးတွေ သောက်စားသုံးစွဲပြီး ပျက်စီးနေတဲ့ လူငယ်တွေလည်း တွေ့ရတယ်။ သူများနိုင်ငံတွေမှာ သွားပြီးတော့ အလုပ်လုပ်နေရတဲ့ လူငယ်တွေလည်း တွေ့ရတယ်။ အကုန်လုံးကို တွေ့နေရတယ်။ အဲဒါအညွန့်လေးတွေပဲ။ အဲဒါကိုယ်နဲ့အတူ ကိုယ်ချင်းစာပြီး ပညာရေးတွေ ဆုံးခန်းတိုင်အောင် ပညာရေးထောက်ပံ့မှု အဖွဲ့အစည်းတွေနဲ့ ကိုယ်တယောက်တည်း မနိုင်ရင်လည်း အဖွဲ့အစည်းတွေနဲ့ လုပ်ရမှာပေါ့။ နံပါတ်တစ် ဘဝထွက်ပေါက်ဖြစ်တဲ့ ပညာရေး၊ ပညာရေးမှာမှ ဆယ်တန်းကိုလည်း ထူးချွန်စွာ အောင်မြင်ပြီး တက္ကသိုလ်က ဘွဲ့တွေရရမယ်။ အဲဒီကနေ ကိုယ်ထူးချွန်ရင် နိုင်ငံခြားမှာတောင် ပညာသွားသင်နိုင်အောင် ထောက်ပံ့ပေးနိုင်တဲ့အထိ ပညာရေးမှာ ကိုယ်တို့ ဝိုင်းကြိုးစားပေးရမှာပေါ့။ ဒါဆိုရင် မျိုးဆက်တဆက်က မြင့်ပြီပေါ့။ စီးပွားရေးက ကိုယ်တို့ဒေသမှာ တဘက်က လယ်ကွင်းတွေနဲ့၊ ဆန်၊ စပါးထွက်တယ်။ တဘက်မှာတော့ တွံတေး တောကြီးတန်း ဆိုတော့ ခြံလုပ်ငန်းတွေရှိတယ်။ အဲတော့ ခြံလုပ်ငန်းတွေနဲ့ကော၊ ဆန်စပါး လုပ်ငန်းတွေနဲ့ကော ကမ္ဘာ့အဆင့်မီလာအောင် နည်းပညာတွေ အများကြီးလိုသေးတယ်။ အရင်းအနှီးတွေလည်း အများကြီးလိုသေးတယ်။ ဒါတွေကို ကိုယ်တို့ဒေသကလူတွေ ပိုနားလည်ပြီးတော့ ပိုပြီးတော့ စီးပွားရေးဆန်ဆန် တိုးတက်လာအောင် အဲဒါတွေကို ဆက်ဆောင်ရွက်သွားမယ်။ တနည်းအားဖြင့် ကိုယ်က ပါတီတရပ်ကို ကိုယ်စားပြုတဲ့အတွက် ပါတီကိုလည်း ဒါတွေကို တင်ပြရမယ်။ နိုင်ငံတော်ကိုလည်း တင်ပြရမယ်။ ကြားခံပေါ့။ အပေါ်လည်းတင်ပြမယ်။ အောက်ကိုလည်း ရှင်းပြသွားမယ်။ ကိုယ်ယူဆပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ထက်စာရင် ဒေါက်တာစိုးမင်းကို ဘာကြောင့်မဲပေးသင့်သလဲလို့ ပြည်သူတွေက မေးလာရင် ဘယ်လိုဖြေမလဲ။
“ပြည်သူတွေရဲ့ ဆန္ဒမဲဆိုတဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒပေါ်မူတည်တယ်။ အဲတော့ ရှေ့ဖြစ်လာမယ့်ကိစ္စတွေအဝဝကို ဒီပြည်သူတွေရဲ့ ဆန္ဒကပဲ သမိုင်းကိုရေးပြီး ဆုံးဖြတ်သွားမယ့် အနေအထားမှာ ရှိပါတယ်။ ပြီးတော့ သမိုင်းတခုကို ရေးမယ့်ပြည်သူတွေ အနေနဲ့ ကိုယ့်ကိုမဲပေးပါ၊ သူ့ကိုမဲပေးပါလို့ ကိုယ်တော့မပြောဘူး။ သို့သော်လည်း ကိုယ်သည် ကိုယ့်ရဲ့ မဲဆန္ဒရှင်တွေနဲ့တွေ့တိုင်း ကိုယ်တို့ရဲ့ တိုင်းပြည်ရဲ့ သမိုင်းကြောင်း၊ ဒေသရဲ့ သမိုင်းကြောင်း၊ ကိုယ်တို့ ဦးတည်ရမယ့် လမ်းကြောင်း၊ သူတို့ကို အသိပညာပေးတယ်။ ပြောသင့်တာတွေ ပြောတယ်။ သိသင့်တာတွေကို အသိပေးမယ်။ အဲဒီကနေ ပြီးတော့မှ သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း သူတို့ဆုံးဖြတ်ချက်နဲ့ ကိုယ်လက်ခံမယ်။ အဲဒီဆုံးဖြတ်ချက်သည် တကယ်လို့ အစွန်းရောက်သွားရင်လည်း ကိုယ်ပြန်တည့်ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ စောင်းသွားရင်လည်း ပြန်တည့်ပေးမယ်။ မှန်နေရင်လည်း လက်ခုပ်တီးပြီး လက်ခံရမှာပေါ့။”