ကျောက်တော်တွင် မိုရာမုန်တိုင်းကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၆၀ ကျော်ပျက်စီး
DVB
·
May 30, 2017
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကွင်းအုံးချောင်းကျေးရွာနဲ့ ဂေါရောမဏီ ကျေးရွာတွေမှာ မိုရာဆိုင်ကလုန်းမုန်တိုင်းတိုက်ကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေ အိမ်ခြေ ၆၀ ကျော်ဆုံးရှုံးပျက်စီးသွားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းတိုက်သွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကွင်းအုံးကျေးရွာမှ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးမောင်ကျော်နုက “ဒီကနေ့ မနက် ၃ နာရီလောက် ကျနော်တို့ဆီမှာ တိုတ်ခတ်တာ၊ အရမ်းပြင်းထန်တယ်။ ဘုန်းတော်ကြီးကျောင်း အပါအဝင် စာသင်ကျောင်းလည်း ပျက်စီးသွားပြီး၊ ရွာက လူနေအိမ် ၅၀ ကျော် ပျက်စီးသွားပါတယ်။ အခုလည်း လေက တိုက်နေတုန်းပါ။ ဒီကနေ့ မနက်လောက်က တိုက်တဲ့ လေလောက် သိပ်မပြင်းတော့ဘူး။”လို့ ပြောပါတယ်။
ကွင်းအုံးကျေးရွာမှာ အိမ်ခြေ ၂၀၇ ရှိပြီး၊ နေအိမ်တွေ ပျက်စီးသွားတဲ့သူတွေက နီးစပ်ရာ နေအိမ်တွေမှာ ခိုလှုံနေကြရပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ်၊ ဂေါရောမဏီ ကျေးရွာမှာလည်း ဘုန်းတော်ကြီးကျောင်း အပါအဝင် လူနေအိမ် ၁၅ အိမ်နဲ့ စပါးသိုလှောင်ထားတဲ့ စပါးကျီ ၇ လုံး ဒီကနေ့ မနက်ပိုင်းက မုန်းတိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားပါတယ်။
ကျောက်တော်မြို့နယ်အတွင်း အခြားကျေးရွာအချို့မှာလည်း ပျက်စီးဆုံးရှုံးမှုတွေရှိပေမယ့် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အသေးစိတ် မသိရှိသေးပါဘူး။
သတင်း - ဝဏ္ဏခွာညို