ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ် အရက်မူးပြီး ကားမောင်းသဖြင့် အဖမ်းခံရ

အမေရိကန် နာမည်ကျော် ဂေါက်သီးရိုက် အားကစားသမားတဦးဖြစ်တဲ့ တိုက်ဂါးဝုဒ်ဟာ ဖလော်ရီဒါပြည်နယ်မှာ မေလ ၂၉ ရက်နေ့မနက်ပိုင်းက အရက်မူးပြီး ကားမောင်းခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။  ပမ်းလ်ဘိခ်ျရဲဌာနက သူ့ကို နာရီအနည်းငယ် ဖမ်းဆီးထားခဲ့ပြီးနောက်မှာ ပြန်လွှတ်ပေးခဲ့တာပါ။ ဒါပေမယ့် တိုက်ဂါးဝုဒ်ကတော့ ခုလိုဖမ်းဆီးခံရမှုမှာ အရက်သေစာ သောက်စားထားလို့ မဟုတ်ဘဲ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးသုံးစွဲထားမှုအပေါ် မျှော်လင့်မထားတဲ့ အခြေအနေတခု ဖြစ်သွားခဲ့တာသာ ဖြစ်တယ်လို့ ပြောလိုက်တာပါ။  “ကျနော် ဘာလုပ်ခဲ့တယ်ဆိုတာကို ကျနော် ကောင်းကောင်းနားလည်ပါတယ်။ ကျနော့်အပြုအမူအတွက် ကျနော်အပြည့်အဝ တာဝန်ယူနိုင်ပါတယ်။ ခုလိုဖြစ်ခဲ့ရတဲ့အပေါ် ကျနော့် မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်”လို့ သူက ပြောပါတယ်။ အသက် ၄၁ နှစ်အရွယ် ဂေါက်သီးချန်ပီယံဟာ သူ နေထိုင်ရာ ပမ်းလ်ဘိခ်ျစီရင် စုနယ်မြေ၊ ဂျူပီတာမြို့အနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အချိန် ၃ နာရီလောက်အကြာမှာတော့ ဝန်ခံလက်မှတ်ထိုးနိုင်ခဲ့ပြီးနောက်မှာ ရဲတွေက ပြန်လွှတ်ပေးခဲ့တာပါ။ ကမ္ဘာ့နာမည်ကြီး အဓိက ဂေါက်သီးရိုက်ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံဆု ၁၄ ကြိမ် ရရှိထားတဲ့ တိုက်ဂါးဝုဒ်ဟာ နောက်ကျောဒဏ်ရာကြောင့် ၁၅ လကြာ ဂေါက်သီးမရိုက်နိုင်ခဲ့ဘဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာမှ ဒဏ်ရာပြန်ကောင်းလာခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ အရင်က နောက်ကျောပိုင်း ဒဏ်ရာ ပြန်ဖြစ်လာခဲ့ပြီး ဂေါက်သီးမရိုက်နိုင်တော့တာ ဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ နိုင်ပွဲမရခဲ့ဘဲ ၂၀၀၈ ခုနှစ် ယူအက်စ်အိုးပင်းချန်ပီယံ ဖြစ်ခဲ့ပြီးနောက်ပိုင်း ဆုဖလားရယူနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ "ကျနော် ဂေါက်သီးပြန်ရိုက်ချင်ပါတယ်၊ ဒါပေမယ့် လောလောဆယ်တော့ မဟုတ်သေးပါဘူး၊ နောက်ထပ် ၂ လခွဲကနေ ၃ လလောက်အထိ ကျနော့်ခါးကို လှည့်နိုင်မှာ မဟုတ်သေးဘူး။ ကျနော် အဓိက အာရုံစိုက်ထားတာက ဒဏ်ရာအပြည့်အဝ ပြန်ကောင်းဖို့နဲ့ ဆရာဝန်တွေ မှာထားတဲ့အတိုင်း လိုက်နာဖို့ပဲ။ လောလောဆယ် ဒီအချိန်ကာလကိုပဲ အာရုံစိုက်ထားပါတယ်" လို့ တိုက်ဂါးဝုဒ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up