ပြည်ပရောက် နိုင်ငံရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မတီ အမြင်ဖလှယ်

7.7K
ထိုင်း-မြန်မာနယ်စပ်မှာ ရောက်ရှိနေတဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်နဲ့ ပြည်ပရောက် နိုင်ငံရေးအဖွဲ့တွေ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေ အပြင် ပြင်ပရောက် နိုင်ငံရေး အဖွဲ့အစည်းများအပေါ် သဘောထားတွေကို မေးမြန်းခဲ့တယ်လို့ တွေ့ဆုံခဲ့တဲ့ အဖွဲ့အစည်းက ပြောပါတယ်။
ငြိမ်းချမ်းရေးအဖွဲ့က ဝန်ကြီး ဦးအောင်မင်းက တိုင်းပြည်အတွက် အလုပ် လုပ်ချင်သူများ ပြန်လာပြီး အလုပ်လာလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုအဖွဲ့ (အက်ဖ်ဒီဘီ) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောပါတယ်။
“အဓိကတော့ သူတို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်နေတာပေါ့။ အခု ဒီဘက်မှာရှိတဲ့ ဒီမိုကရေစီအဖွဲ့တွေနဲ့ တွေ့တယ်ဆိုတော့ ကျနော်တို့ ဘယ်လို သဘောထားရှိလဲ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စတွေမှာ ကျနော်တို့ကို ဘယ်လိုရည်ရွယ်ချက်နဲ့ တွေ့တာလည်းပေါ့။ အဲဒါနဲ့ စမေးဖြစ်တော့ အဓိက ရှင်းပြတာတော့ ဒီနေ့ဆိုရင်လည်း ဒီမိုကရေစီ လမ်းကြောင်းကိုရောက်နေပြီ။ ပြုပြင်ပြောင်းလဲရေးလည်း စနေပြီ။ ဒေါ်အောင်ဆန်းစုကြည်တို့လည်း လွှတ်တော်ထဲမှာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ်။ ကိုမင်းကိုနိုင်တို့လည်း လွတ်လာပြီ ဆိုတော့ ခင်ဗျားတို့ ကျနော်တို့ အားလုံးသိကြတဲ့အတိုင်းပဲ သူတို့လည်း နိုင်ငံရေးကို လွတ်လပ်စွာ လှုပ်ရှားလို့ရနေကြပြီ။ အပြင်မှာရှိတဲ့ အင်အားစုတွေလည်း သမ္မတကြီး ပြောတဲ့အတိုင်း ပြည်တွင်းထဲမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ပေါ့။ အဲဒီလိုစပြီး မိတ်ဆက်ဖြစ်တာပေါ့။”
အရင်တကြိမ်က ဒေါက်တာနိုင်အောင်နဲ့ တွေ့ဆုံခဲ့ပေမယ့် အခု ဒုတိယအကြိမ်က အဖွဲ့အစည်း ကိုယ်စားပြု တရားဝင်ကမ်းလှမ်းပြီး အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် သီးသန့်တွေ့ဆုံမှု တခုမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့အမြင်တွေကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (အန်အယ်ဒီ -အယ်လ်အေ)က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုမိုးဇော်ဦးက ပြောပါတယ်။
ပြည်ပမှာ ရပ်တည်နေတဲ့ အန်အယ်လ်ဒီ-အယ်လ်အေကို အစိုးရက မတရားအသင်းအဖြစ် အရင်က ကြေညာခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။
“လက်ရှိသွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စိုးရိမ်တဲ့ စိုးရိမ်ချက်တွေ မြင်တဲ့ အမြင်တွေ။ အစိုးရအနေနဲ့ ပိုပြီး အလေးထားသင့်တဲ့ ကိစ္စတွေ စသည်ဖြင့် ဒါတွေပဲ ဆွေးနွေးတာပါ။ ကျနော်တို့ အမြင်တွေ ပြောတယ်။ ဝန်ကြီးကလည်း သူ့အမြင်တွေပြောတယ်။ အပြန်အလှန်ပေါ့။ ဘယ်ကိစ္စတွေကိုတော့ ကျနော်တို့အနေနဲ့ အရေးတကြီး လုပ်သင့်တယ်။ ပြင်ပမှာ ရှိတဲ့ အဖွဲ့အစည်းတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဆိုရင်လည်း ဒါ မတရားအသင်း ကြေညာခံထားရတာ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေအကြောင်းနဲ့ ဘာတွေ ဆောင်ရွက်သင့်တယ်။ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်နိုင်တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောဖြစ်ပါတယ်။”
အန်အယ်လ်ဒီ-အယ်လ်အေက ဥက္ကဋ္ဌ ဦးဘိုသောင်း ခေါင်းဆောင်ပြီးတော့ ဆွေးနွေးပွဲကို သွားရောက်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဆွေးနွေးတာက ယေဘုယျသဘော ဆွေးနွေးတာ ဖြစ်ပြီးတော့ ဆုံးဖြတ်တာ သဘောတူညီချက် ရယူတာ တစုံတရာ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။