အကြမ်းဖက်သမားများ၏ စခန်းများကို အီဂျစ်စစ်လေယာဉ်များ တိုက်ခိုက် (ရုပ်သံ)

552
အီဂျစ်လေတပ် စစ်လေယာဉ်တွေက လစ်ဗျားနိုင်ငံတွင်းရှိ အကြမ်းဖက်သမားတွေရဲ့ စခန်းတွေကို မေ ၂၆ ရက်နေ့က လေကြောင်းကနေ ပစ်ခတ်ခဲ့ပါတယ်။
အီဂျစ် သမ္မတ အဘ်ဒယ် ဖာတာ အယ်လ်စီစီကတော့ အကြမ်းဖက်သမားတွေရဲ့ စခန်းတွေကို လေကြောင်းတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာလို့ ရုပ်သံမိန့်ခွန်းမှာ ပြောဆို ကြေညာပါတယ်။ အကြမ်းဖက်ဝါဒဟာ အပြစ်ပေးခံရလိမ့်မယ်လို့လည်း ပြောပါတယ်။
မေ ၂၆ ရက် မနက်က အီဂျစ်နိုင်ငံ အလယ်ပိုင်းက ဘုန်းတော်ကြီး ကျောင်းဆီ ခရီးသွားတဲ့ ကော့ပ်တစ် ခရစ်ယာန် အုပ်စုတစုကို မျက်နှာဖုံးတပ် သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့ လူ ၂၈ ယောက် သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှု နောက်ကွယ်က သေနတ်သမားတွေဟာ လစ်ဗျားနိုင်ငံထဲက စခန်းတွေထဲကနေ သင်တန်းဆင်းလာတဲ့ လူတွေဆိုတာ သေချာသိအပြီးမှာ လက်တုံ့ပြန်တာလို့ အီဂျစ်စစ်တပ်က ပြောပါတယ်။
အဲဒီနောက် သောကြာနေဝင်ချိန်မှာ လစ်ဗျားအရှေ့ပိုင်း ဒါနာမြို့နားကို လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ဆင်ရေးတွေ ဆက်လုပ်နေဆဲလို့ အီဂျစ်စစ်တပ်က ပြောခဲ့ပါတယ်။