DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြည်ထောင်စုနေ့ ပထမဆုံးအကြိမ်ကျင်းပမည်
DVB
·
February 6, 2012
Donate to DVB

၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေ စုပေါင်းပြီး  လာမယ့်  ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက်   ပြည်ထောင်စုနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပမှာ ဖြစ်ပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တော်လှန်ရေးပန်းခြံရှေ့ အမ်ပီသရီး ခန်းမမှာ ကျင်းပမှာဖြစ်ပြီး ပြည်နယ် ၇ ခုက တိုင်းရင်းသား ရိုးရာအကတွေ တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာပါ။

ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ဦးစောသန်းမြင့်က     “ကျနော်တို့ ဒီနေ့ထူးထူးခြားခြား လုပ်တာက နိုင်ငံတော် သမ္မတကြီးရဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ကိစ္စမှာ ကျနော်တို့တိုင်းရင်းသား ခေါင်းဆောင် တော်တော်များများလည်း ပါလာတယ်။ ကျောင်းသားခေါင်းဆောင်တွေလည်း အများကြီးပါလာတယ်။ အဲဒီအထိမ်းအမှတ်ကို အားလုံး ၀မ်းသာကြိုဆိုတဲ့ အနေနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းရင်းသား ခြောက်ပါတီက စုပေါင်းပြီးတော့ အထိမ်းအမှတ်လေးအနေနဲ့ ပြည်ထောင်စုနေ့ စစ်စစ်ဖြစ်လာရေးအတွက် ဖြစ်လာတော့မယ်လို့ ယူဆလို့ အဲဒါကြောင့် ကျနော်တို့ တိုင်းရင်းသားပါတီအားလုံး စုပေါင်းပြီးတော့ ပြည်ထောင်စုနေ့ကို ပထမဆုံး စတင်ကျင်းပတာပေါ့” လို့ ဆိုပါတယ်။

အခမ်းအနား ကျင်းပတဲ့ တိုင်းရင်းသားပါတီတွေထဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ၁၉၉၀  ရွေးကောက်ပွဲက တိုင်းရင်းသား နိုင်ငံရေးပါတီတွေရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေပါ စုံစုံညီညီ ဖိတ်ကြားသွားမယ်လို့ ဦးစောသန်းမြင့်က ပြောပါတယ်။

တိုင်းရင်းသားပါတီတွေဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်   တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်မယ့် မဟာမိတ် ၁၀ ပါတီ ပြည်ထောင်စုပွဲမှာလည်း ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။

မဟာမိတ် ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ပတ်သက်ပြီး ကျင်းပရေး ကော်မတီဝင် တဦးဖြစ်သူ  ဒီမိုကရက်တစ်ပါတီ( မြန်မာ)  ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပါတယ်။

“ပြည်ထောင်စုနေ့ အမှတ်တရပေါ့။ တိုင်းပြည်မှာ အရေးကြီးတဲ့ နေ့ တနေ့ပေါ့။ လွတ်လပ်ရေးအတွက်လည်း ဒီဟာက အခြေခံပြီးတော့ အားလုံး ညီညွတ်ရေးရခဲ့တဲ့ နေ့ဆိုတော့ ဒီနေ့ကို အထိမ်းအမှတ်အနေနဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေက တပေါင်းတည်း အတူတူလုပ်ချင်တယ်ဆိုတဲ့ ဆန္ဒကြောင့်  အတူတူလုပ်တာပေါ့။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း လုပ်ခဲ့တယ်။”

မဟာမိတ် ၁၀ ပါတီမှာ တိုင်းရင်းသား ၅ ပါတီနဲ့အတူ   ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု စတဲ့ နိုင်ငံရေးပါတီတွေ ပါဝင်ပါတယ်။ အခမ်းအနားမှာ ပါတီအသီးသီးရဲ့ သ၀ဏ်လွှာတွေ ဖတ်ကြားပြီး မဟာမိတ်ပါတီ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013