A d v e r t i s e m e n t With Us

ရေနံထုတ်လုပ်မှု ဆက်လက်လျှော့ချမည်ဟု အိုပက် ဆုံးဖြတ်

ဓာတ်ပုံ - ရိုက်တာ
၂၀၁၈ မတ်လထိ ၉ လတာကာလအတွင်း ရေနံထုတ်လုပ်မှု လျှော့ချတာ ဆက်လုပ်ဖို့ ရေနံရောင်းချသူနိုင်ငံများအသင်း အိုပက်အဖွဲ့ဝင် နိုင်ငံတွေနဲ့ ရုရှားဦးဆောင်တဲ့ အိုပက်အဖွဲ့ဝင် မဟုတ်သူတွေ မေလ ၂၅ ရက်နေ့က ဆုံးဖြတ်လိုက်ကြပါတယ်။ တကမ္ဘာလုံးမှာ ရေနံ အလျှံပယ်ထုတ်လုပ်မှုကြောင့် ကျန်ခဲ့တဲ့ ၃ နှစ်အတွင်း ရေနံဈေးနှုန်း ထက်ဝက်ကျဆင်းခဲ့တာပါ။ ဒါကြောင့် ရေနံကနေ ပြန်ရငွေ သိသိသာသာ ထိုးကျသွားခဲ့တာကို ဒီနိုင်ငံတွေ ရုန်းကန်ရင်ဆိုင်နေရပါတယ်။ အိုပက်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခုလို လျှော့ချ ဖြတ်တောက်မှုကြောင့် ဒီနှစ်ထဲမှာ ရေနံစည်တစည်ကို ဒေါ်လာ ၅၀ အထက်မှာ ပြန်ရအောင် အထောက်အကူပြုမှာပါ။ ဒီနိုင်ငံတွေ အများစုဟာ တိုင်းပြည်စီးပွားရေးကို စွမ်းအင်ကဏ္ဍက ရငွေအပေါ်မှာ အကြီးအကျယ် မှီခိုနေပါတယ်။ ၂၀၁၄ က စပြီး ရေနံဈေးကျဆင်းခဲ့လို့ ရုရှားနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေဟာ နိုင်ငံအတွင်း စည်းကြပ်မှုတွေ လုပ်ခဲ့ရပြီး ဗင်နီဇွဲလားနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေမှာ နိုင်ငံတွင်း မတည်ငြိမ်မှုတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီနှစ်ထဲမှာ ရေနံဈေးနှုန်း ပြန်တက်မှုကြောင့် အမေရိကန်က နုံးကျောက်လွှာတွင်း ခိုအောင်းနေတဲ့ ရေနံထုတ်လုပ်မှုကို လှုံ့ဆော်ခဲ့တာပါ။ ရေနံထုတ်လုပ်မှု သဘောတူညီချက်ထဲမှာ အမေရိကန် မပါဝင်ပါဘူး။ ဒါကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးကွက် ပြန်လည်ဟန်ချက်ညီရေးကို နှေးကွေးစေတယ်၊ ရေနံစိမ်းရှယ်ယာတွေဟာလည်း စံချိန်တင်လုနီးပါး မြင့်နေတယ်လို့ မီဒီယာတွေက သုံးသပ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up