Home
မြန်မာသတင်း
အလုပ်သမားများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
ရွှေအောင်
·
February 5, 2012
အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေနဲ့ စက်မှုဇုန်အသီးသီးက အလုပ်သမား တရာကျော်တို့ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ ဟိတကာရီ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲမှာရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းစတဲ့ စက်မှုဇုန်တွေက အလုပ်သမားတွေ တက်ရောက် ဆွေးနွေးခဲ့ကြပြီး အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနိုင်ရေး ကူညီပေးဖို့ ရှိတယ်လို့ အလုပ်သမား အခွင့်အရေး လှုပ်ရှာသူများ (Action Labor Rights) က ကိုသူရိန်က ဒီဗွီဘီကို ပြောပါတယ်။ ဒီနေ့ ဆွေးနွေးကြရာမှာ တက်ရောက်လာတဲ့ အလုပ်သမားတွေရဲ့ ဆွေးနွေးချက်တွေကို ကြည့်ပြီး သူသတိပြုမိတဲ့ အချက်ကိုလည်း ကိုသူရိန်က ခုလို ပြောပြပါတယ်။ “အလုပ်သမား အစည်းအရုံး ဥပဒေ ထွက်နေပြီ အသက်တော့ မ၀င်သေးဘူး။ အလုပ်သမားတွေ တကယ့် အခြေအနေ အောက်မှာက အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် ရပြီဆိုတာတောင် အလုပ်သမားတွေက မသိဘူး။ စက်ရုံမှာ တာဝန်ရှိတဲ့သူတွေက သူတို့ကို ဘာမှ မပြောဘူးတဲ့။ ဒါဟာ  ဥပဒေက တကယ် ဖွဲ့စေချင်လို့ ထုတ်ပေးထားတဲ့ ဥပဒေပဲ ဖြစ်စေချင်တယ်လေ။ နိုင်ငံရေးအရ ဒီဥပဒေကြီးကို အယောင်ပြပြီး ထုတ်ပေးတဲ့ဟာမျိုးပဲဆိုရင် ဒီဥပဒေက ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ ကျနော်တော့ အဲလို ယူဆတယ်။ အဲဒီဟာကို ကျနော် သွားတွေ့တာပေါ့ဗျာ။” အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများဟာ ၂၀၀၇ ခုနှစ် အလုပ်သမားနေ့ အခမ်းအနား ပြုလုပ်ဖို့ စီစဉ်ခဲ့တုန်းက အဖမ်းခံခဲ့ရသူတွေ​ ဖြစ်ပါတယ်။ အလုပ်သမားအရေး​ ကိစ္စတွေကို ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာ​ အလုပ်သမားအဖွဲ့ အိုင်အယ်အိုနဲ့​ ချိတ်ဆက်ပြီး ဆက်လက်​ ဆောင်ရွက်သွားဖို့​ ရှိတယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024