ရခိုင်လူငယ်အဖွဲ့ခေါင်းဆောင် တဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်ဖမ်းဆီး
DVB
·
May 24, 2017

ရခိုင်လူငယ်အဖွဲ့က အထွေထွေအတွင်းရေးမှူးတဦးဖြစ်တဲ့ ကိုဖိုးသားကို နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ပို့ဆောင် လိုက်ပါတယ်။
ဗဟန်းတရားရုံးမှာ အာမခံလျှောက်ထားပေမယ့် အာမခံမပေးဘဲ ရဲစခန်းက ဖမ်းဆီးလိုက်တာဖြစ်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပြီလို့ ကိုဖိုးသားအမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ သဇင်ပန်းခိုင်သတင်းဂျာနယ်က အယ်ဒီတာချုပ် ဦးအောင်သိန်းက ဒီဗွီဘီကိုပြောပါတယ်။
“ဗဟန်းတရားရုံးမှာ အာမခံလျှောက်ထားတယ်။ ဒါပေမယ့်အဆင်မပြေဘူး။ တရားရုံးကို သွားတဲ့အခါ ဖမ်းဆီးလိုက်တာပါ။ ဗဟန်းရဲစခန်းက ဖမ်းဆီးလိုက်တာ။ အခုကိုဖိုးသားကို အမ်းစိန်ထောင်းပို့လိုက်ပြီး လာမယ့်မေလ ၃၁ ရက်နေ့ သူ့ကိုရုံးချိန်းထားပါတယ်။”
ကိုဖိုးသားဟာ ရခိုင်လူငယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးတဦးဖြစ်ပြီး သဇင်ပန်းခိုင် ဂျာနယ်မှာ သတင်းထောက်ချုပ်အနေနဲ့ တာဝန်ထမ်းနေတာဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိကြောင်းဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက်တင်ရာမှာ ပါဝင်သူ ကိုဖိုးသားကို ခွင့်ပြုနေရာ မပြလို့ဆိုပြီး ၂၀၁၆ ခုနှစ် ဧပြီက ငြိမ်းစုစီပုဒ်မ-၁၉နဲ့ ပထမ အကြိမ် တရားစွဲခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လကစလို့ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)နဲ့ ကိုဖိုးသားကို ထပ်မံ တရားစွဲဆို လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ကြေးသွန်းဘုရားကနေ ဗိုလ်စိန်မှန် (ဟစ်တိုင်)ကွင်း အထိလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး ခွင့်ပြုထားတဲ့ ဗိုလ်စိန်မှန်(ဟစ်တိုင်)မှာ မပြုလုပ်ခဲ့တာကြောင့် ဗဟန်းရဲစခန်းက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ဒီဗွီဘီ